ဖမ်းဆီးခံ မြေပုံဒေသခံနှစ်ဦး တစ်နှစ်ခန့်ကြာသည့်တိုင် သတင်းအစအန ပျောက်နေဆဲ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်း(ရွာသာယာ)ကျေးရွာနေ ညီအစ်ကိုနှစ်ဦးအား တပ်မတော်ကဖမ်းဆီး သွားသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ သတင်းအစအန တစ်စုံတစ်ရာမရရှိ သေးကြောင်း မိသားစုဝင်များကပြောသည်။

By အောင်ထိန် 28 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်း(ရွာသာယာ)ကျေးရွာနေ ညီအစ်ကိုနှစ်ဦးအား တပ်မတော်ကဖမ်းဆီး သွားသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ သတင်းအစအန တစ်စုံတစ်ရာမရရှိ သေးကြောင်း မိသားစုဝင်များကပြောသည်။

ယင်းသို့ ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုမောင်ဝင်းဌေး (၂၉)နှစ်နှင့် ကိုမောင်ဌေးဝင်း (၂၈)နှစ် ညီအစ်ကိုနှစ်ဦး ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည် ယောချောင်းအထက်ပိုင်းရှိ ကိုးချောင်းတွင် လယ်ယာလုပ်ကိုင်နေသူများဖြစ်ကြပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ကျွဲရှာရန်သွားစဉ် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ၎င်းတို့၏မိခင် ဒေါ်မစောတင်က ပြောသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးမှာ စစ်တွေအကျဉ်းထောင်တွင်ရှိသည်ဟု အကျဉ်းထောင်မှလွတ်မြောက်လာသည့် မြေပုံဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိခဲ့ရကြောင်း ဒေါ်မစောတင်ကဆိုသည်။

“ဇူလိုင်လက စစ်တွေထောင်ကိုသွားပြီးမေးခဲ့ပေမယ့် အကျဉ်းထောင်ဝန်ထမ်းတွေက သားနှစ်ဦးမရှိဘူးလို့ ပြောကြတယ်” ဟု ၎င်းကပြောပြသည်။

မိခင်ဖြစ်သူမှာ ၎င်း၏သားနှစ်ဦး စစ်တွေအကျဉ်းထောင်မှာ ရှိမည်ဟုယုံကြည်နေပြီး အကျဉ်းထောင်မှ တာဝန် ရှိသူများနှင့် သွားရောက်စုံစမ်းရန်အတွက် ခိုင်လုံသည့်သက်သေအထောက်အထားမရှိသဖြင့် အခက်အခဲ ဖြစ်နေကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကဆိုသည်။

ဖမ်းဆီးခံရသူနှစ်ဦး၏မိခင် ဒေါ်မစောတင်က “ကျမမှာ ဒီသားလေးတွေကိုပဲအားကိုးနေရတာ၊ အခုလုပ်ဖို့လူ မရှိတော့ ကျွဲတွေကိုလည်းဈေးပေါပေါနဲ့ ရောင်းလိုက်ရပြီ။ စပါးရော၊ဆန်ရော ဘာမှမရှိတော့ဘူး။ သားတွေ ကိုလည်း ဆုံးရှုံးထားရတယ်။ တတ်နိုင်တဲ့ဖက်က ကျမသားတွေပြန်လွတ်ဖို့ ကူညီပေးစေချင်တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ကိုမောင်ဝင်းဌေး၏ဇနီး ဒေါ်နီနီခိုင်ကလည်း “ကျွန်မယောကျ်ားမရှိတော့  ကျွန်မတို့မှာ ငတ်တစ်လှည့်၊ မွတ်တစ်လှည့် ဖြစ်သလိုရှာစားနေရတယ်။ သားသမီးတွေကျန်းမာရေးကအစ မိန်းမသား တစ်ယောက်အနေနဲ့ ရုန်းကန်ရတာမလွယ်ဘူး။ ကျွန်မတို့မိသားစု အခက်အခဲဖြစ်နေတယ်။ ဒါကြောင့် တတ်နိုင်တဲ့ဖက်က ကူညီပေးစေချင်ပါတယ်”  ဟု တောင်းဆိုသည်။

ဖမ်းဆီးခံရသည့် ကိုမောင်ဌေးဝင်းနှင့် ကိုမောင်ဝင်းဌေးတို့နှစ်ဦး ပျောက်ဆုံးနေသည့်ကိစ္စအား ရခိုင်လူ့အခွင့် အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားထားသော်လည်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်ပိုင်းအထိ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဦးမြတ်ထွန်းကဆိုသည်။

ယခုကဲ့သို့ ကိုမောင်ဝင်းဌေးနှင့် ကိုမောင်ဌေးဝင်းတို့နှစ်ဦးကို တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း မိသားစု၏ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အလားတူ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံ(၁၈)ဦးမှာလည်း တပ်မတော်မှဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် သတင်းတစ်စုံတစ်ရာမရရှိဘဲ ပျောက်ဆုံးနေသည်မှာ (၇)လခန့်ရှိပြီဖြစ်သဖြင့် မိသားစုဝင်များမှ ၎င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်မှုများရှိနေကြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက တင်းမကျေးရွာသားများကို တပ်မတော်က ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့်နေသော်လည်း လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ရှိနေဆဲဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇွန်လမှ ယခုအောက်တိုဘာလ ၂၈ ရက်နေ့အထိ DMG မှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် သံသယဖြင့်ဖမ်းဆီးခံရသူ ၁၀၅ ဦးအထိ ရှိလာပြီဖြစ်သည်။

ဗီဒီယိုများ