မင်းပြားမြို့နယ်တွင် နေအိမ်အတွင်း လက်နက်ကြီးကျပြီး ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိမှု တပ်မတော်နှင့် AA တို့ အပြန်အလှန်စွပ်စွဲ

“အောင်မင်္ဂလာ ဘုရားတောင်ကနေပြီး အမြောက်တွေပစ်နေတာ။ အဲဒီအမြောက်က ကွဲသွားတာလား မအောင်တာလားတော့မသိဘူး။ တောင်က ရွာအလယ်မှရှိတာ။ အဲဒီမှာ နေအိမ်ပေါ်မှာကျပြီး မီးလောင် သွားတာ”

24 Aug 2019

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရရှိသွားသူ အမျိုးသမီးတစ်ဦးအား မြောက်ဦးဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ်။ ဓာတ်ပုံ - မြို့ဦးဂေါင်းဆရာတော်

ခိုင်ရိုးလ | DMG
သြဂုတ် ၂၄ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်းသို့ ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ၃ ဦးသေဆုံးပြီး ကျန် ၃ ဦးမှာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

နေအိမ်အတွင်း ထမင်းဝိုင်းဖွဲ့စားသောက်နေစဉ် ယင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦးထဲမှ ၂ ဦးကိုမြောက်ဦးဆေးရုံတွင် ကုသမှုခံယူကာ ကျန် ၁ ဦးအား စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

“လူနာသုံးဦးမှာ တစ်ဦးကို စစ်တွေပို့လိုက်ရတယ်။ ကျန်တဲ့ နှစ်ဦးကတော့ မြောက်ဦးဆေးရုံမှာပါ။ မြောက်ဦး ဆေးရုံမှာ ကုလို့ရမယ့်အခြေနေကြောင့် ဆရာဝန်က စစ်တွေကိုမလွှတ်တာပါ ”ဟု ပန်းမြောင်း တိုက်နယ် ပရဟိတအသင်းအတွင်းရေးမှူး ကိုမျိုးခိုင်ကပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသွားသူ သုံးဦးမှာ ၁၀ တန်းကျောင်းသူ မညိုညိုဝင်း ၁၈ နှစ်၊ လေးတန်းကျောင်းသား မောင်းမင်းထက်ကျော် ၉ နှစ်နှင့် KG တန်း မောင်အောင်ကျော်ဖြိုး ၆ နှစ်တို့ဖြစ်သည်။

ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရသူ သုံးဦးမှာ ဒေါ်ဦးကြိုင် ၆၀ နှစ်၊ ဒေါ်အေးရွှေလှ ၆၄ နှစ်နှင့် မဖြူနှင်းစိုး ၂၅ နှစ်တို့ဖြစ်ပြီး လက်ရှိမှာ မဖြူနှင်းစိုးတွင် ပြင်းထန်ဒဏ်ရာများရရှိထားသဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်လာကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ပန်းမြောင်းကျေးရွာအနီးရှိ အောင်မင်္ဂလာတောင်ပေါ်မှ တိုက်ပွဲဖြစ်ပွားမှုရှိသည့် တောင်ဖြူတောင်ဘက်သို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ကူပေးရာမှ ပန်းမြောင်းကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

“အောင်မင်္ဂလာ ဘုရားတောင်ကနေပြီး အမြောက်တွေပစ်နေတာ။ အဲဒီအမြောက်က ကွဲသွားတာလား မအောင်တာလားတော့မသိဘူး။ တောင်က ရွာအလယ်မှရှိတာ။ အဲဒီမှာ နေအိမ်ပေါ်မှာကျပြီး မီးလောင် သွားတာ” ဟု ပန်းမြောင်းကျေးရွာမှ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးကပြောသည်။

ယခုကဲ့သို့ တပ်မတော်မှပစ်ခတ်သည့် လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုများ ရှိသည့်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာတွင် AA ဘက်မှ တပ်မတော်သားများရှိရာဘက်သို့ ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာသားများ သေဆုံးခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောသည်။

“AA ကနေပြီးတော့မှ ပန်းမြောင်းရဲ့ အရှေ့ဘက်မှာတောင်ကြောရှိတယ်။ အဲဒီတောင်ကြောကနေ AA က ကျွန်တော်တို့တပ်က ပန်းမြောင်းရွာထဲမှာရှိတော့ ပစ်တယ်။ ပစ်တော့ တပ်ရှိတဲ့နေရာမှာ မကျဘဲနဲ့ အိမ်နှစ်လုံး ကြားထဲကို ဗုံးသီးကျပြီးတော့မှ သုံးဦးသေ၊ သုံးဦးဒဏ်ရာတယ်လို့ သတင်းကြားတယ် ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကိုပြောသည်။

တပ်မတော်မှ ပြောသကဲ့သို့ ပန်းမြောင်းကျေးရွာအနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်းနှင့် တပ်မတော်မှ AA အား တစ်ဖက်သတ် စွပ်စွဲပြောဆိုခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဆိုသည်။

“တပ်ဘက်ကနေ အမြဲတမ်း စွပ်စွဲပြောဆိုနေတာ။ သူတို့ အဲဒီလိုမျိုးပစ်လို့ ရွာသားတွေထိပြီဆိုရင် AA က ပစ်တာပါလို့ ပြောဆိုတာရှိတယ်။ ဒီဟာကတော့ သူတို့(တပ်မတော်)ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ အတွက် လုပ်ကြံပြီး ပြောတာဖြစ်တယ်။ ဒေသအတွင်းက ရွာသားတွေကလည်း ဘယ်သူပစ်လို့ ထိတာလည်း ဆိုတာကို ကောင်းကောင်းသိပါတယ် ” ဟု ခိုင်သုခက ပြောသည်။

ပန်းမြောင်းကျေးရွာသားများ၏ ပြောပြချက်အရ ယနေ့နံနက်ပိုင်းတွင် ၎င်းကျေးရွာအနီး တပ်မတော်နှင့် AA တို့ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲများ မရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ စတင်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ လက်နက်ကြီးကျည်ထိမှန်ခြင်း၊ သေနတ်ကျည်ထိမှန်ခြင်း၊ မိုင်းနင်းမိခြင်းတို့ကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိလာနေသည်။

ထိုသို့ဒဏ်ရာရရှိမှုများကြောင့် စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်လာရောက်သူ ၅၀ ကျော်အထိရှိလာပြီး ထို့အထဲမှ ၆ ဦးမှာ ရန်ကုန်ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ရကြောင်း ကူညီရေးအဖွဲ့များ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ