ကဇုကိုင်းတံတားအနီး ပစ်ခတ်ခံရ၍ မြေပုံမြို့နယ်မှ ဒေသခံနှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျောက်ဖြာကျေးရွာမှ ဒေသခံနှစ်ဦး အမ်းမြို့နယ်၊ ကဇုကိုင်းတံတားအနီးတွင် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

By အောင်ထိန် 13 Jul 2020

အောင်ထိန် | DMG
ဇူလိုင် ၁၃ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျောက်ဖြာကျေးရွာမှ ဒေသခံနှစ်ဦး အမ်းမြို့နယ်၊ ကဇုကိုင်းတံတားအနီးတွင် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် ကျောက်ဖြာကျေးရွာမှ မြောက်ဦးမြို့သို့သွားသည့် သားမိ နှစ်ဦးကို ကျေးရွာသားနှစ်ဦးက စက်လှေဖြင့်လိုက်ပို့စဉ် ကဇုကိုင်းတံတားအနီးရှိ တပ်မတော်လုံခြုံရေးဂိတ်မှ ပစ်ခတ်သဖြင့် ယင်းသို့ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကျောက်ဖြာကျေးရွာမှ ဦးမောင်ဖြူက ပြောသည်။

“ဂိတ်ကတော့ လက်နက်ငယ်တွေနဲ့ပစ်တာ။ နောက်ပြီးမှ သဲချောင်းဗျူဟာက လက်နက်ကြီးနဲ့ပစ်တာ။ တစ်ယောက်မှာတော့ လက်ဖျံမှာရှပ်ထိသွားတယ်။ အမျိုးသမီးမှာတော့ ဦးခေါင်းမှာ ကျည်စတွေထိသွားတာ” ဟု ၎င်းကပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် စက်လှေမောင်းသူ ဦးထွန်းထွန်းချေ (၃၀)နှစ်တွင် ဘယ်ဘက်လက်ဖျံ၊ ဦးခေါင်းတို့၌ ဒဏ်ရာရရှိခဲ့ပြီး ဒေါ်မူမူခိုင် (၄၂)နှစ်မှာ ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “သူတို့ကရွာမှာ မဟုတ်ဘူးလို့ပြောတယ်။ ကဇုကိုင်းကို သွားတဲ့အခါ ပစ်ခတ်ခံရတာလို့ပြောတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး ”ဟု ဒေသခံများ၏ သတင်းပေးချက်ကို ကိုးကားပြီး ပြောသည်။

ဒဏ်ရာရရှိသွားသူနှစ်ဦးကို ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရသည့်အတွက် ဆေးကုသပေးကာ ကျောက်ဖြာကျေးရွာသို့ ပြန်လွှတ်လိုက်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို သိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ဧပြီလ ၆ ရက်နေ့ကလည်း ကမ်းထောင့်ကြီးမြို့မှ ကိုဆန်းဝင်းထွန်း(၂၇)နှစ်သည် ရန်ကုန်မှလာသည့် ခရီးသည် များကို စက်လှေဖြင့်တင်ရန်သွားစဉ် အဆိုပါ ကဇုကိုင်းတံတာအနီးတွင် ပစ်ခတ်ခံရ၍ ဘယ်ဖက်ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။

ဗီဒီယိုများ