မင်းပြားတွင် တိုက်ပွဲပြင်းထန်နေ၊ တပ်မတော်မှ လေကြောင်းသုံးတိုက်ခိုက်

“ကျောင်းတောင် အရှေ့ဘက်တောင်တန်း တောင်ဖြူတောင်ကို လေယာဉ်နဲ့ပစ်နေတာကို တွေ့ရတယ်။ လက်ရှိမှာ အဲဒီဘက်မှာ(တိုက်ပွဲက)ရပ်နေပြီးတော့ ပန်းမြောင်းကနေ လက်နက်ကြီးနဲ့လှမ်းပစ်နေတယ်။ တပ်မတော် ဗျူဟာတောင်ကုန်းကနေ လှမ်းပစ်နေတာ”

23 Aug 2019

ခိုင်ရိုးလ | DMG

သြဂုတ် ၂၃ ၊ မင်းပြား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှ တောင်ဖြူတောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့် လေကြောင်းပစ်ကူများရှိနေကြောင်း ဒေသခံများကပြောသည်။

ရဟတ်ယာဉ် ၂ စီးမှာ အနီးအနားကျေးရွာများ အပေါ်မှနေပြီး တောင်ဖြူတောင်တန်းသို့ လှည့်လည်ပစ်ခတ်နေ သဖြင့် ကျေးရွာအတွင်း ကျည်ခွံများကျရောက်လျက်ရှိကြောင်း ကျောင်းတောင်ကျေးရွာမှ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးကပြောသည်။

“ရွာအထက်ကနေပြီး အရှေ့ဘက်တောင်တန်းကို လှမ်းပစ်နေတာ။ ရွာသားတွေကတော့ ကြောက်လန့် နေကြရတယ်။ လေယာဉ်နဲ့လှမ်းပစ်နေတော့ ကျည်ဆံအခွံတွေက ရွာကိုလာကျနေတယ်။ ခေါင်မိုးတွေ ပျက်စီးမှုရှိတယ်။ ရွာသားတွေ ထိခိုက်တာတွေတော့မရှိဘူး”ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် တောင်ဖြူတောင်သို့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင်တပ်စွဲထားသည့် တပ်မတော်ယာယီတပ်စခန်းမှ အမြောက်ကြီးပစ်ကူပေးမှုများလည်း ရှိနေကြောင်း ပန်းမြောင်းကျေးရွာသား တစ်ဦးက ပြောသည်။

“ကျောင်းတောင် အရှေ့ဘက်တောင်တန်း တောင်ဖြူတောင်ကို လေယာဉ်နဲ့ပစ်နေတာကို တွေ့ရတယ်။ လက်ရှိမှာ အဲဒီဘက်မှာ(တိုက်ပွဲက)ရပ်နေပြီးတော့ ပန်းမြောင်းကနေ လက်နက်ကြီးနဲ့လှမ်းပစ်နေတယ်။ တပ်မတော် ဗျူဟာတောင်ကုန်းကနေ လှမ်းပစ်နေတာ”ဟု ၎င်းကျေးရွာသားကပြောသည်။

မင်းပြားမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေမှုမှာ မှန်ကန်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အတည်ပြုပြောဆိုပြီး ရဟတ်ယာဉ်နှင့် လက်နက်ကြီးပစ်ကူများမှာ လိုအပ်လျှင် သုံးမည်ဖြစ်ကြောင်း DMG ကို ပြောသည်။

“တိုက်ပွဲဖြစ်နေတာ မှန်ပါတယ်။ လောလောဆယ် တိုက်ပွဲအသေးစိတ်ကို မသိရသေးဘူး ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

ယနေ့တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)သို့ ဆက်သွယ်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုများကို မသိရသေးပေ။

သြဂုတ်လ ၂၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် ရွှေကျင်၊ ဒိုင်းသား၊ ခွဆုံကျေးရွာတို့အနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ် ၃ စီးဖြင့် လေကြောင်း ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကပြောဆိုကြသည်။

အဆိုပါတိုက်ပွဲအတွင်း တပ်မတော်မှ ၅၀ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းနှင့် AA ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ