မင်းပြားဈေးသစ်တွင် ရောင်းချသူမရှိသည့်အပြင် သောက်စားမှုများရှိနေ၍ မီးဘေးအန္တရာယ်ဖြစ်မည်ကို မြို့ခံများစိုးရိမ်

လမ်းဘေးဈေးသည်များအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ထားသည့် မင်းပြားမြို့တွင်းက ဈေးသစ်ကင်းဆိတ်ဈေးတွင် ရောင်းချသူမရှိဘဲ ဆိုင်ခန်းများ ကင်းလွတ်နေသည့်အပြင် ယင်းဆိုင်ခန်းများတွင် သောက်စားမူးယစ်မှုများရှိနေ၍ မီးဘေးအန္တရာယ်ဖြစ်မည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

By DMG 27 Mar 2021

DMG ၊ မတ် ၂၇

လမ်းဘေးဈေးသည်များအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ထားသည့် မင်းပြားမြို့တွင်းက ဈေးသစ်ကင်းဆိတ်ဈေးတွင် ရောင်းချသူမရှိဘဲ ဆိုင်ခန်းများ ကင်းလွတ်နေသည့်အပြင် ယင်းဆိုင်ခန်းများတွင် သောက်စားမူးယစ်မှုများရှိနေ၍ မီးဘေးအန္တရာယ်ဖြစ်မည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

ယခုလို ရာသီဥတုပူပြင်းသည့်အချိန်တွင် မီးဘေးအန္တရာယ် ပိုမိုစိုးရိမ်နေရကြောင်း ကင်းဆိတ်ရပ်ကွက် ဒေသခံ ဒေါ်နုအေးကြည်က ပြောသည်။

“ဆးလိပ်သောက်ထားခဲ့မိရင်တော့ လောင်းရင်အကုန်ပါမယ်။ ဆိုတော့ ဆိုင်ပိုင်ရှင်တွေအနေနဲ့ မရောင်းမနေရဆိုပြီး လုပ်ပေးရင်တော့ အဆင်ပြေမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ကင်းဆိတ်ဈေးကို တည်ဆောက်ထားခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၀၈ ခန်းရှိကာ ယခင်က မီးလောင်မည့်အခြေအနေတစ်ရပ်ရှိခဲ့သည်။

“အရင်ကလည်း မူးယစ်သမားတွေကြောင့် မီးလောင်သွားမလို ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် နောက်အများကြီး မဖြစ်အောင် ထိန်းသိမ်းပေးစေချင်တယ်၊ အခုက အစောင့်လည်း မတွေ့ဘူး” ဟု ယင်းဈေးတန်းနားတွင် နေထိုင်သည့် ကိုထူးအောင်ခန့်က ပြောသည်။

ဈေးလုံခြုံရေးအတွက် ခြံစည်းရိုးကာနိုင်ရန် စည်ပင်အနေဖြင့် ဈေးကော်တီကို ငွေအလုံအလောက် ပေးထားပြီးဖြစ်ကြောင်း၊ ယင်းအပြင် ဈေးကော်မတီဝင်များနှင့်အတူ ကြပ်မတ်လုပ်ဆောင်နေကြောင်း မင်းပြားစည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်ဝင်းခိုင်က ပြောသည်။

“ဈေးကော်မတီတွေကို ငွေပေးပြီးသားပါပဲ၊ ဒါပေမဲ့ ညစောင့်ကတော့ ညပိုင်းမှ ဆင်းတယ်ဆိုတော့ နေ့ခင်းတွေမှာ ရောင်းတဲ့ဆိုင်က သုံးလေးခန်းလောက်ပဲ ရှိတာပေါ့၊ ဆိုတော့ အလွတ်တွေမှာ ကလေးတွေဆော့မှာ အဲလိုပေါ့၊ အခုကတော့ ဈေးကော်မတီတွေနဲ့ ကြပ်မတ်နေပါတယ်” ဟု ပြောသည်။

ကင်းဆိတ်ဈေး စဖွင့်ချိန်က ဈေးရောင်းချသူများရှိခဲ့သော်လည်း ၂၀၁၈ - ၂၀၁၉ တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ဈေးသည်များ လာရောက်ရောင်းချမူ နည်းသွားကာ လက်ရှိတွင် ဈေးဆိုင်ခန်း ၃ ခုသာ ရောင်းချလက်ရှိနေသည်။

မင်းပြား-မြောင်းဘွေ ကားလမ်း၌ ဈေးရောင်းချမှုများရှိခဲ့သဖြင့် ကားအသွားအလာများ အဆင်မပြေ၍ ဈေးရောင်းချသူများလွတ်လပ်စွာရောင်းချနိုင်ရန် ကင်းဆိတ်ဈေးကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မင်းပြားစည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဗီဒီယိုများ