မြေပုံတွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွား

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 27 Jun 2020

နှင်းနွယ် | DMG
ဇွန် ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ် စညှင်းကျေးရွာနေ မနန်းစု၊ အသက် ၂၀ နှစ်သည် ခင်ပွန်းဖြစ်သူနှင့်အတူ ဂဏန်းမြှုံးထောင်ရန် သွားစဉ် လမ်း၌ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း လူနာအား ကူညီဆောင်ရွက်ပေးနေသည့် ကိုယ်တော် သဘာဝနဒီက DMG သို့ မိန့်ကြားသည်။

“သူက ဂဏန်းမြှုံးထောင်မယ်ဆိုပြီး သွားတာ။ ဆည်နားကိုမရောက်ခင် တောစပ်လေးမှာ ဖြစ်သွားတာ”ဟု ၎င်းက မိန့်သည်။

ခြေပြတ်သွားသည့် မနန်းစုအား ကမ်းထောင့်ကြီးဆေးရုံသို့ ပို့ဆောင်ရန် သွားရာလမ်း၌ တပ်မတော် စစ်ဆေးရေးဂိတ်မှ တပ်မတော်သားများကခေါ်ယူကာ လူနာအားဆေးကုသပေးနေကြောင်း လူနာပို့ဆောင်သူများထံမှ သိရသည်။

“စစ်ရေးဂိတ်မှာ တပ်မတော်သားတွေက သူတို့မှာရှိတဲ့ဆေးဝါးတွေနဲ့ ကနဦး ကုသပေးနေသေးတယ်။ သူတို့ လိုအပ်တာတွေ လုပ်ပေးပြီးမှ ဆေးရုံကိုသွားရမယ်ထင်တယ်”ဟု ကိုယ်တော်သဘာဝနဒီက ဆက်လက် ရှင်းပြသည်။

မြေပုံမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒေသခံများသွားလာနေကြသည့် လယ်ကွင်းအနီးတွင် မိုင်းထောင်ခြင်းမှာ မဖြစ်သင့်ကြောင်း ပြောသည်။

“ဘယ်အဖွဲ့အစည်းက ထောင်တဲ့မိုင်းဘဲဖြစ်ဖြစ် အခုလိုလယ်ကွင်းနားမှာ ထောင်တာကတော့ လုံးဝမဖြစ်သင့်ဘူး။ လယ်ကွင်းဆိုတာက ကားလမ်းနားတွေမှာလို တိုက်ပွဲဖြစ်နေတဲ့ နေရာလည်းမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းထိမှန်မှုများကြောင့် အရပ်သား သေဆုံးမှု မြင့်တက်လာနေသည်။ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများအား အရပ်ဖက်အဖွဲ့အစည်းအချို့ နှင့် ICRC တို့မှ လုပ်ဆောင်လျက်ရှိနေသည်။

ဗီဒီယိုများ