မင်းပြားတွင် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ မြစ်ကမ်းအနီးတွင် မတ်လ(၂၀)ရက်နေ့၊ နံနက်ပိုင်း (၁၀)နာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်မတော်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 21 Mar 2020

နှင်းနွယ် | DMG
မတ် ၂၀ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ မြစ်ကမ်းအနီးတွင် မတ်လ(၂၀)ရက်နေ့၊ နံနက်ပိုင်း (၁၀)နာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်မတော်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပန်းမြောင်းကျေးရွာမှ မင်းပြားမြို့သို့ ရေကြောင်းပြေးဆွဲနေသည့်ဆိပ်ကမ်းတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့က စက်လှေများအား စစ်ဆေးနေချိန်၌ မိုင်းပေါက်ကွဲခဲ့သည့်အတွက် ဒဏ်ရာရရှိသွားခြင်းဟု ပန်းမြောင်း ဒေသခံ ဦးငလုံးချေက DMG သို့ ပြောသည်။

“ဖြစ်တာကတော့ မင်းပြားလှေဆိပ်မှာ မိုင်းနှစ်လုံးပေါက်ကွဲတယ်။ တပ်မတော်သားတွေက လေးမြို့မြစ်မှာ သွားလာနေတဲ့ စက်လှေအတက်အဆင်းတွေကို စစ်ဆေးနေတာ။ အဲဒီအချိန်မှာ မိုင်းက ပေါက်ကွဲတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ပန်းမြောင်းကျေးရွာ၊ နဂရာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူဒေါင်းမှာ လက်တွင် ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ မျက်နှာတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ကျေးရွာအနီးတစ်ဝိုက်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာတွင် ပြသာနာ တစ်စုံတစ်ရာ ဖြစ်လာမည်ကို ရွာသားများ စိုးရိမ်နေရကြောင်း ဒေသခံကိုစိုးနိုင်က ပြောသည်။

“ရွာသားတွေအနေနဲ့တော့ စိုးရိမ်မှုကတော့ အများကြီးရှိတာပေါ့။ ကျွန်တော်တို့ ပန်းမြောင်းရွာအနေနဲ့ စိုးရိမ်ရတာက အခုလိုရွာနားမှာ မိုင်းပေါက်ကွဲတဲ့အတွက် တပ်မတော်ဖက်ကနေပြီးတော့ ကျေးရွာအပေါ် စိတ်ခုသွားမှာကို ရွာသူ၊ရွာသားတွေ စိုးရိမ်နေကြတယ်”ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား DMGမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ