မင်းပြားတွင် တပ်မတော်လေ့ကျင့်ရေးကျောင်းကို AA တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာရှိ တပ်မတော်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို အမှတ်(၉) ကို ယနေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က တိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေကြောင်း လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

23 Mar 2020

စစ်တွေမြို့တွင်ပြုလုပ်သော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် တွေ့ရသည့် တပ်မတော်သားများ။ (ဓာတ်ပုံ - တိုးမြတ်)

ခိုင်ရိုးလ | DMG
မတ် ၂၃ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာရှိ တပ်မတော်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို အမှတ်(၉) ကို ယနေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က တိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေကြောင်း လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ ၂၃ ရက်နေ့၊ နံနက် ၄ နာရီခန့်က အဆိုပါ တပ်မတော်လေ့ကျင့်ရေးကျောင်းကို AA တပ်ဖွဲ့က တိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများနှင့်အတူ လက်ရှိအချိန်ထိ ယင်းအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေကြောင်း မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်က ပြောသည်။

“တိုင်းဗဟို ၉ နားမှာ တိုက်ပွဲဖြစ်နေတာကိုတော့ ဒေသခံတွေပြောချက်အရ အတည်ပြုတယ်။ အေအေဘက်က ဝင်တိုက်တယ်ဆိုတာကို အခုသိရသလောက်ကတော့ ဒီနေ့ မိုးလင်းအာရုဏ်လောက်က စဖြစ်တယ်။ အဲဒီအနား မေလွမ်းရွာက ပြောတာကတော့ လေယာဉ်တွေနဲ့  ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရတယ်” ဟု ဦးစစ်နိုင်က ဆိုသည်။

ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ သုံးစွဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် ဒေသခံများမှာ စိုးရိမ်ထိလန့်နေကြသည်။

“ပစ်နေတာက တောင်တွေကို ပစ်နေတာ။ တောင်အမြင့်တွေက မီးလောင်နေတာကိုလည်းမြင်ရတယ်။ ကျမတို့ရွာက တိုင်းဗဟို (၉) မြောက်ဘက်မှာရှိတာ” ပြိုင်းချောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။  

ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ မှန်ကန်သော်လည်း အသေးစိတ်ကို မသိရှိသေးကြောင်း AA ပြန် ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ ဗိုလ်ချုပ်ထွန်း ထွန်းညီ အပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ