မင်းပြားမြို့နယ်တွင် ပစ်ခတ်ခံရ၍ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

“ရန်သူမဟုတ်ဘဲနဲ့ကျနော့်သမီးကို မတော်မတရား ပစ်သတ်တာကို မကျေနပ်ဘူး။ ကျနော်တအားခံစားရပါတယ်။ သမီးမှာ ကလေးနှစ်ယောက်ကျန်ခဲ့ပါတယ်။ ကျနော်မကျေနပ်ဘူး။ ကျနော်ကတော့ လူတွေကို နှိပ်စက်ချင်လို့ပစ်တယ်လို့ မြင်ပါတယ်”

By ကျော်သူဋ္ဌေး 12 Dec 2019

(ဓာတ်ပုံ - ဇော်ဇော်)

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၂၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာတွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်)၊ ညည့် ၁၁ နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

တပ်မတော်သားများသည် ရွာထဲသို့ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း(အသက် ၄၀ နှစ်)နှင့် ဒေါ်ဖြူဖြူဝင်း (အသက် ၃၉ နှစ်)တို့ သေဆုံးသွားသည်ဟု သေဆုံးသူအမျိုးသမီး၏ဖခင် ဦးမောင်ကျော်နုက ပြောသည်။

 “တပ်မတော်သားတွေက ရွာထဲကို ဝင်ပြီးတော့ပစ်လို့လာတယ်။ ကျနော်တို့က ဆရာတော်ဘုရားနဲ့ အုပ်ချုပ်ရေးမှူးအိမ်အောက်မှာ ပြောလို့နေကြတာပါ။ အဲဒီမှာ တစ်ခါတည်း စစ်သား (၄) ယောက်ဝင်ပြီးတော့ ပစ်ပါတယ်။ အိမ်တိုင်းကို ပစ်ပါတယ်။ ကျနော့်ကိုလည်း ဖမ်းယူပြီးတော့ သတ်ပါတယ်။ သမီးသေတာကိုတောင် မသိခဲ့ပါဘူး” ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူး၏ ဦးခေါင်းတွင် ကျည်ထိမှန်သွားပြီး ဒေါ်ဖြူဖြူဝင်းမှာ ဘယ်ဖက်ရင်အုံတွင် ကျည်ဖောက်ဝင်သွားသည်။ သမီးဖြစ်သူ မတရားပစ်သတ်ခံရသောကြောင့် မကျေနပ်ဟု ဦးမောင်ကျော်နုက ပြောသည်။

“ရန်သူမဟုတ်ဘဲနဲ့ကျနော့်သမီးကို မတော်မတရား ပစ်သတ်တာကို မကျေနပ်ဘူး။ ကျနော်တအားခံစားရပါတယ်။ သမီးမှာ ကလေးနှစ်ယောက်ကျန်ခဲ့ပါတယ်။ ကျနော်မကျေနပ်ဘူး။ ကျနော်ကတော့ လူတွေကို နှိပ်စက်ချင်လို့ပစ်တယ်လို့ မြင်ပါတယ်”ဟု ၎င်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ထိုသို့ ရွာသားနှစ်ဦးပစ်ခတ်ခံရသောကြောင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။ ထို့အပြင် ရွာသား (၆)ဦးခန့်ကိုလည်း တပ်မတော်က ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောကြသည်။  

တပ်မတော်သည် ရခိုင်ကျေးရွာအချို့ကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များ ရွာသားအသွင်ယူကာ နေထိုင်သည်ဟု သံသယရှိကာ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း ရသေ့ တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာသို့ ဝင်ရောက်ကာ ကျေးရွာသား (၂၇၅)ဦးကို စာသင်ကျောင်းတွင် စစ်ဆေးခဲ့သည်။ စစ်ဆေးနေစဉ် တပ်မတော်က ပစ်ခတ်လိုက်သောကြောင့် ရွာသား (၆)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိသွားသည်။

အဆိုပါရွာသားများမှာ ညာသံပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်ရန်ကြိုးစားသောကြောင့် ပစ်ခတ်လိုက်ရခြင်းဟု တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။ သို့သော် စိတ်မနှံ့သူတစ်ဦးက  အော်ဟစ်စဉ်ပစ်ခတ်ခြင်းဟု ဒဏ်ရာရရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ကျည်ဆန်ထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား (၁၀၀)ခန့်သေဆုံးကာ ဒဏ်ရာရရှိသူ (၁၃၀)ခန့်အထိရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ