မင်းပြားမြို့နယ်တွင် လူငယ်သုံးဦး ဓား၊တုတ်များဖြင့် ရိုက်နှက်ခံရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မ မွတ်ဆလင်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၊နေ့လယ် ၂ နာရီခန့်က သောက်စားမူးယစ်နေသော လူအုပ်စုတစ်စုက လူငယ်သုံးဦးကို တုတ်၊ဓားများဖြင့် ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာတာဝန်ခံ ဦးမောင်သိန်းလှိုင်က DMG သို့ ပြောသည်။

02 Feb 2020

ဖဒူ ထွန်းအောင် ၊ နှင်းနွယ် | DMG
ဖေဖော်ဝါရီ ၂၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မ မွတ်ဆလင်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၊နေ့လယ် ၂ နာရီခန့်က သောက်စားမူးယစ်နေသော လူအုပ်စုတစ်စုက လူငယ်သုံးဦးကို တုတ်၊ဓားများဖြင့် ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာတာဝန်ခံ ဦးမောင်သိန်းလှိုင်က DMG သို့ ပြောသည်။

ငှက်တော်ရကျေးရွာမှ အသက် (၂၁)နှစ်အရွယ် မောင်လှဝင်း၊ အသက် (၁၉)နှစ်အရွယ် ညီမင်းထွန်းနှင့် ညောင်ပင်ဝိုင်းကျေးရွာမှ အသက် (၁၇)နှစ်အရွယ် မောင်မျိုးဝေ တို့သည် ရွှေတမာကျေးရွာမှ ဆွေမျိုးတစ်ဦးကိုတွေ့ဆုံပြီး အပြန် လက်မမွတ်ဆလင်ရွာအနီးလမ်းတွင် ရိုက်နှက်ခံရခြင်းဖြစ်သည်။

၎င်းတို့ကို သောက်စားမူးယစ်နေသည့် “ဝါယကိန်”ဆိုသူအပါအဝင် လူ(၁၄)ဦးခန့်က ယင်းနေရာတွင် ရိုက်နှက်ခဲ့သည်။ ထို့နောက် လူငယ်များကို ဝါယာကိန်းအိမ်သို့ ခေါ်ဆောင်သွားပြီး လက်ကိုကြိုးချည်ကာ ဓား၊တုတ်များဖြင့် ထပ်မံရိုက်နှက်ပြီး ဆိုင်ကယ်နှစ်စီးနှင့် ဖုန်းနှစ်လုံးကို လုယူသွားသည်ဟု လက်မမွတ်ဆလင်ကျေးရွာ တာဝန်ခံ ဦးမောင်သိန်းလှိုင်က ပြောသည်။

ထိုသို့ ရိုက်နှက်နေမှုကို ရပ်မိ၊ရပ်ဖများက ဖျန်ဖြေရန်ကြိုးစားသွားသော်လည်း ဓားများဖြင့် ခုတ်ရန်ကြိုးပမ်းသဖြင့် ချက်ချင်းမဖျန်ဖြေနိုင်ခဲ့ပေ။ ၎င်းတို့အမူးပြေမှသာလျှင် မော်လဝီဆရာအပါအဝင် ရပ်မိ၊ရပ်ဖများဖြင့် လွှတ်ပေးရန် အသနားခံသောကြောင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဒဏ်ရာရလူငယ်များကို မော်လဝီဆရာအပါအဝင် ရပ်မိ၊ ရပ်ဖများကိုယ်တိုင် ရွှေတမာကျေးရွာအုပ်ချုပ်ရေးမှူးထံ ပို့ပေးခဲ့သည်ဟု ၎င်းကဆက်လက်ဆိုသည်။

“ကျနော်တို့ရွာမှာ ဘုန်းကြီးဆရာ(မော်လဝီဆရာ) ဆိုတာရှိတယ်။ သူကိုယ်တိုင် သူတို့ကို ခြေကိုင်တယ်။ ကင်းပွန်းကိုင်တယ်။ မင်းတို့ဒီလိုလုပ်ရင် ဟိုဘက်၊ ဒီဘက်သွားနေတဲ့ရွာသားတွေ စိုးရိမ်စရာရှိတယ်ဆိုတာ ပြောပြတယ်။ ပြီးရင် အသနားခံတယ်။ ဒီလူတွေကိုလွှတ်ပေးလိုက်ရင် မင်းတို့အတွက်လည်း ကောင်းတယ်။ ရွာသားတွေအတွက်လည်း အကာအကွယ်ဖြစ်တယ်လို့ ပြောပြမှ လွှတ်ပေးလိုက်တာ” ဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခအလွန်ကာလများတွင် လူဦးရေ (၈၀၀၀)ကျော်နေထိုင်သည့် လက်မမွတ်ဆလင်ကျေးရွာမှ ရွာသားအချို့သည် အနီးရှိ ရခိုင်ကျေးရွာများသို့ သွားရောက်ကာ လယ်ယာအငှားလုပ်ကိုင်ခြင်း၊ စပါးအငှားရိတ်သိမ်းခြင်းများလည်း ရှိနေပြီး တစ်ရွာနှင့်တစ်ရွာ ဆက်ဆံရေးအဆင်ပြေကြသည်။

“(ပြဿနာ)တွေ ထပ်ဖြစ်မှာစိုးရိမ်မှုရှိတယ်။ သူခိုးအဖွဲ့လို ဆယ်ယောက်၊ ဆယ့်ငါးယောက်ကြောင့် ကျနော်တို့တစ်ရွာလုံး ဒုက္ခရောက်မှာကို စိုးရိမ်တယ်” ဟု ဦးမောင်သိန်းလှိုင်ကဆိုသည်။

ထို့ကြောင့် နောက်နောင်တွင် ယခုကဲ့သို့ပြဿနာအဖြစ်ပွားစေရန်နှင့် တစ်ရွာနှင့်တစ်ရွာ ဆက်ဆံရေးအဆင်ပြေစေရန်အတွက် ရွာလုံးကျွတ်အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နေ့လည် ၂ နာရီခန့်တွင် ပြုလုပ်မည်ဖြစ်သည်။ ယင်းနောက် ဒဏ်ရာရလူငယ်များ၏ ဆိုင်ကယ်နှင့်ဖုန်းများကို တောင်းယူသွားမည်ဟု ဦးမောင်သိန်းလှိုင်က ဆက်ပြောသည်။

ယင်းရွာအနီးရှိ ရခိုင်ဒေသခံများမှာလည်း ပြဿနာဆက်ဖြစ်မည်ကို စိုးရိမ်နေကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြသည်ဟု ဆိုသည်။

“ပြဿနာဆက်မဖြစ်ရအောင် လက်မကုလားရွာမှာလည်း ရပ်မိ၊ရပ်ဖတွေ ဘုန်းကြီးတွေက ထိန်းမယ်လို့ ပြောတယ်။ ကျနော်တို့ရွာမှာလည်း ရပ်မိ၊ရပ်ဖတွေနဲ့ ဆွေးနွေးထားပါတယ်။ ပြဿနာ မဖြစ်ပွားရအောင်အတွက်” ဟု ရွှေတမာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ပြောသည်။

ရိုက်နှက်ခံရသူ လူငယ်သုံးဦးအနက် မောင်မျိုးဝေမှာ ညာဘက် လက်မောင်းနှင့်နားရွက်တို့တွင် ဓားဒဏ်ရာပြင်းထန်စွာရရှိပြီး တခြားသူများမှာ ဒဏ်ရာအနည်းငယ်ရရှိသွားသည်။ လက်ရှိတွင် ၎င်းတို့ကို ပန်းမြောင်းဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရသည်။

ရိုက်နှက်ခဲ့သူများသည် ကျေးရွာတွင် ဓား၊တုတ်များကိုင်ဆောင်ပြီး သွားလာနေသောကြောင့် ဖမ်းဆီးရန်အခက်အခဲရှိနေသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင်းကြားထားသည်ဟု ဒေသခံများထံက သိရသည်။

ဒဏ်ရာရသူများ၏ မိသားစုဝင်များသည် အမှုဖွင့်ရန် ဆန္ဒမရှိတော့ဘဲ ဆိုင်ကယ်များ၊ဖုန်းများကိုသာ ပြန်ရလိုသည်ဟု ပန်းမြောင်းရဲစခန်းမှ ရဲအရာရှိများကို ပြောထားကြောင်း မိသားစုဝင်များထံက သိရသည်။

ဗီဒီယိုများ