မင်းပြားတွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျောင်းသားတစ်ဦးအပါအဝင် (၃) ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာ၌ ယနေ့ (သြဂုတ်လ ၁၅ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် (၇)တန်းကျောင်းသားတစ်ဦး အပါအဝင် (၃) ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

15 Aug 2020

အောင်ထိန် | DMG
သြဂုတ် ၁၅ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာ၌ ယနေ့ (သြဂုတ်လ ၁၅ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် (၇)တန်းကျောင်းသားတစ်ဦး အပါအဝင် (၃) ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

စိတ္တရကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခွဲခန့်ဝေးသည့် မင်းဘူးတောင်မှ လက်နက်ကြီးများ ပစ်ခတ်စဉ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စိတ္တရကျေးရွာမှ ကိုခင်မောင်ဝင်းက DMG သို့ ပြောသည်။

“တိုက်ပွဲဖြစ်လား၊ မဖြစ်လားဆိုတာကို ကျနော်တို့လည်း မသိဘူး။ လက်နက်ကြီးက တအားပစ်တာ။ ပစ်နေတဲ့အချိန်မှာ လက်နက်ကြီးတစ်လုံးက ကျေးရွာအတွင်း အိမ်ထဲကိုကျလာတာ။ အဲ့မှာပေါက်ကွဲပြီး သုံးယောက် ဒဏ်ရာရသွားတယ်” ဟု ကိုခင်မောင်ဝင်းက ပြောသည်။

ထိုသို့ လက်နက်ကြီးပေါက်ကွဲသဖြင့် အသက်(၁၃)နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ငလုံးချေမှာ ညာဘက်တင်ပါး၊ ကျောင်းဆရာ ကိုအေးမြင့်နိုင်(၂၂)နှစ်မှာ ဦးခေါင်း ရှပ်ထိဒဏ်ရာနှင့် ဦးမောင်တင်လှ (၆၇)နှစ်မှာ ဘယ်ဘက်နားရွက်တို့၌ ဒဏ်ရာအသီးသီးရရှိသွားသည်။

ထိုလက်နက်ကြီးပေါက်ပွဲမှုကြောင့် ကျေးရွာအတွင်းမှ နေအိမ်သုံးဆောင်ပျက်စီးသွားခဲ့ကြောင်း နေအိမ်ပျက်စီးသွားသူ တစ်ဦးဖြစ်သည့် ဦးငမဲက ပြောသည်။

“ကျနော့်အိမ်ရှေ့မှာကျတာ။ အိမ်ခေါင်မိုးကသံဖြူတွေ အကုန်လုံး ပွင့်ထွက်သွားတယ်။ ကျနော့်ဆိုင်ခန်းထဲက ပစ္စည်းတွေလည်း အကုန်လုံးပျက်စီးသွားတယ်” ဟု ဦးငမဲက ဆိုသည်။

အဆိုပါ မင်းဘူးတောင်တန်းတွင် တပ်စွဲထားသည့် တပ်က သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်မှစ၍ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး နံနက် ၇ နာရီအချိန်ခန့်တွင် ရပ်တန့်သွားကြောင်း၊ တိုက်ပွဲဖြစ်/မဖြစ်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက “ဘာပဲဖြစ်ဖြစ် သူတို့အချင်းချင်း ဖြစ်တာကိုတော့ မပြောလိုဘူး။ အခုလို ကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေ မကျစေအောင် ဆောင်ရွက်ဖို့ လုပ်ဆောင်ဖို့ကိုတော့ပြောချင်တယ်” ဟု ဦးလှအောင်သိန်းက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ(၃)ဦးမှာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရသည့်အတွက် မိမိကျေးရွာ၌ ဆေးကုသခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းကလည်း စိတ္တရကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း ၄၀ နှစ်နှင့် ဒေါ်ဖြူဖြူဝင်း ၃၉ နှစ် ကျည်ထိမှန် သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းတစ်ခုအား ကျေးရွာအတွင်းမှ ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်စဉ် ယင်းသို့ သေဆုံးသွားခြင်း ဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AAတို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီဖြစ်သည်။

တိုက်ပွဲအကျိုးဆက်ကြောင့် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း အရပ်သားသေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၄၁ ဦးထိ ရှိခဲ့သည်။

ဗီဒီယိုများ