မြင့်မားနေသည့် ရေခွန်နှုန်းထားကို လျော့ပေါ့ကောက်ခံရန် မင်းပြားမြို့ခံများလိုလား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် ရေခွန်ပေးဆောင်ရသည့်ပမာဏ များနေသဖြင့် လျော့ပေါ့ကောက်ခံပေးရန် ဒေသခံများက လိုလားနေကြသည်။

25 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၂၅ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် ရေအခွန်ပေးဆောင်သည့်ပမာဏများနေသဖြင့် လျော့ပေါ့ကောက်ခံပေးရန် ဒေသခံများက လိုလားနေကြသည်။

အဆိုပါမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွား၍ဒေသတည်ငြိမ်မှုမရှိသလို ယခုအခါ ကိုဗစ်ကပ်ရောဂါပါ ဖြစ်ပွားနေကြသဖြင့် ဒေသခံတို့၏ စီးပွားရေးကျပ်တည်းမှုတို့နှင့် ကြုံတွေ့နေကြရသဖြင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များတွင် ကောက်ခံနေသည့် ပမာဏအတိုင်းဖြစ်စေချင်ကြောင်း ဒေသခံများကဆိုကြသည်။

လက်ရှိအချိန်၌ မြို့ပေါ်ရှိ ရေဂါလံ ၁၉ သန်းသိုလှောင်ထားသည့် ဂရင်ဂျိုင်ဆည်မှ မြို့ပေါ်ရပ်ကွက်များကို ရေဖြန့်ဝေပေးလျက်ရှိရာ ရေအသုံးပြုသူများအနေဖြင့် တစ်လအတွက်ရေအခွန် ၅၀၀၀ ကျပ်စီ ပေးဆောင်ကြရသည်။

“တိုက်ပွဲတွေလည်း ဖြစ်နေတာတောင်မကဘူး ကိုဗစ်ပါဖြစ်နေတော့ စီးပွားရေးလည်းအဆင်မပြေဘူး။ ဒီလိုအချိန်မှာ တခြားမြို့တွေနဲ့လည်းမတူဘဲ ပိုပြီးတော့ပေးနေရတယ်ဆိုတော့ မဖွံ့ဖြိုးသေးတဲ့ နယ်မြို့ငယ်လေးတစ်ခုအနေနဲ့ ဈေးအကြီးဆုံးဖြစ်နေတယ်ဆိုတာ မဖြစ်သင့်တဲ့လုပ်ရပ်တခုပါ”ဟု မင်းပြားမြို့သစ်ရပ်ကွက်နေ ကိုအောင်နိုင်စိုးက ပြောသည်။

ယင်းမြို့နယ်အနီးရှိ မြေပုံမြို့တွင် ရေအခွန်တစ်လျှင် ၂၀၀၀ ကျပ်၊ မြောက်ဦးတွင် ၃၅၀၀ ကျပ်တို့အပြင် စစ်တွေမြို့၌လည်း တစ်လလျှင် ၂၅၀၀ ကျပ် စသည်ဖြင့် ပေးဆောင်ကြရသည်။

ထို့ပြင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ရေမှတ်ပုံတင်ကြေးအဖြစ် ငွေကျပ် ၃၅၀၀၀ အဖြစ် သတ်မှတ်လိုက်သဖြင့် ယခင်က ရေမှတ်ပုံတင်ရှိသူများမှာလည်း ထပ်မံကာ ရေမှတ်ပုံတင်ကြေး သုံးသောင်းခွဲ ပေးဆောင်ရကြောင်းနှင့် ရေပိုက်သွယ်တန်းရန် ပိုက်နှင့်ဆက်စပ်ပစ္စည်းတို့ ဝယ်ယူတပ်ဆင်ရာ၌ ဈေးများ၍ သာမန်လက်လုပ်လက်စား မိသားစုဝင်များအနေဖြင့် အခက်ကြုံရကြောင်း ဒေသခံများကရှင်းပြကြသည်။

“ပိုက်လိုင်းကိုတော့ ကိုယ့်ဟာကိုဝယ်ရတယ်။ ပိုက်လိုင်းပြင်ဆင်ခပဲ သူတို့ယူတာ၊ အဲဒီလုပ်အားခလည်း မတရား ဈေးများပါတယ်။ တာရှည်ခံမှာလည်း မဟုတ်ဘူး၊ လုပ်ထားတဲ့ပုံစံက အခုတောင် ပျက်နေပြီ နောက်ဆိုရင် ရေတောင်လာမှာ မဟုတ်တော့ဘူး” ဟု ဦးစိုးဝင်းမောင်က ဆိုသည်။

မင်းပြားမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းခိုင်က ဂရင်ဂျိုင်ဆည်၌ ဝန်ထမ်းငှားရခြင်း၊ ရပ်ကွက်များရှိပျက်စီးနေသော ရေပိုက်လိုင်းများကို ပြန်လည်ပြုပြင်ရခြင်း စသည်တို့ကြောင်း တစ်လလျှင် ရေအခွန် ၅၀၀၀ ကျပ် ကောက်ခံနေရခြင်းဖြစ်ကြောင်း ပြောသည်။

“ဘတ်ဂျက်ငွေတွေလည်း ဆွဲပြီးသားဖြစ်တယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် လွှတ်တော်ကလည်း အတည်မပြု နိုင်သေးဘူး။ အဲဒီလိုအခြေနေမျိုးမှာ နည်းနည်းလောက်အခက်ခဲဖြစ်နေတာ၊ ဆောင်းရာသီလောက်ဆိုရင်တော့ အခွန်ငွေလျော့ပေါ့ပြီး အခြားမြို့နယ်တွေနဲ့အတူတူကောက်ခံသွားမှာ” ဟု ၎င်းကဆက်၍ ရှင်းပြသည်။

နှစ်စဉ်သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေကြရသည့် မင်းပြားမြို့နယ်တွင် နွေရာသီအချိန်၌ မြို့ပေါ်ရပ်ကွက် များကို ရေဂါလံ ၆၉ သန်းသိုလှောင်ထားသော ဖလောင်းပြင်ဆည်မှလည်း ဖြန့်ဝေပေးသွားနိုင်ရန် ဆောင်ရွက်နေကြောင်း စည်/ကော်ဥက္ကဋ္ဌထံမှ သိရသည်။

ဗီဒီယိုများ