စစ်တွေမြို့၌ လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ ဖမ်းဆီးခံရသူသုံးဦး အာမခံဖြင့် ပြန်လွတ်လာ

စစ်တွေမြို့၌ ယနေ့နံနက်ပိုင်းက လူ့အခွင့်အရေးကမ်ပိန်း လှုပ်ရှားပြုလုပ်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် လူငယ်သုံးဦးမှာ ညနေ ၅ နာရီခန့်တွင် အာမခံဖြင့် ပြန်လွတ်လာကြောင်း ကာယကံရှင်များထံမှ သိရသည်။

By အောင်ထိန် 10 Dec 2020

အောင်ထိန် | DMG
ဒီဇင်ဘာ ၁၀ ၊ စစ်တွေ

စစ်တွေမြို့၌ ယနေ့နံနက်ပိုင်းက လူ့အခွင့်အရေးကမ်ပိန်း လှုပ်ရှားပြုလုပ်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် လူငယ်သုံးဦးမှာ ညနေ ၅ နာရီခန့်တွင် အာမခံဖြင့် ပြန်လွတ်လာကြောင်း ကာယကံရှင်များထံမှ သိရသည်။

ထိန်းသိမ်းခံခဲ့ရသူများမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ ဖြစ်ကြသည်။

၎င်းတို့သုံးဦးသည် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကမ်ပိန်းပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းပြီးနောက် အာမခံပေးကာ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံခဲ့ရသူ ကိုမင်းဘာချေက ပြောသည်။

“ဒါက အစိုးရကိုယ်၌က လုပ်ရမယ့်ပွဲဖြစ်တယ်။ ဒါတွေကို သူတို့ကိုယ်တိုင်က မလုပ်ဘူး။ ကျွန်တော်တို့ လူ့အခွင့်အရေးကို ကြိုဆိုတဲ့လူတွေကိုတောင်မှ အရေးယူတာက နည်းနည်းလောက်တော့ စိတ်မကောင်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူ ကိုမင်းဘာချေအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ သုံးဦးကို ၁၅ ရက်အတွင်းမှာ အမှုဖွင့် အရေးယူသွားမည်ဖြစ်သော်လည်း မည့်သည့်ပုဒ်မဖြင့် အရေးယူမည်ကို မသိရသေးကြောင်း ကိုမင်းဘာချေက ပြောသည်။

“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အမျိုးသမီးတွေအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ကမ်ပိန်း လုပ်တာကတော့ လူ့အခွင်အရေးကြေငြာစာတမ်း အပိုဒ် (၁၉) သူတို့ရဲ့ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အရ ပြောတာပဲမြင်ပါတယ်။ လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းကို ပြောတာက သဘာဝကျပါတယ်” ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် လူငယ် ၃၀ ကျော်က ကမ်ပိန်းပြုလုပ်ခဲ့ ကြသည်။

အဆိုပါကမ်ပိန်းပြုလုပ်ရာတွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်းဘုတ်များ ကိုင်ဆောင် သွားရောက်ခဲ့ရာ စစ်တွေဟိုတယ်အနီးတွင် ရဲတပ်ဖွဲ့ကလာရာက်ကာ လူငယ်သုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ