မြေပုံမြို့နယ်တွင် အရပ်သားနှစ်ဦးကို တပ်မတော်က စစ်ဆေးရန်ခေါ်ယူ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာမှ အရပ်သားနှစ်ဦးကို တပ်မတော်က စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ အောက်တိုဘာလ ၂၁ ရက်နေ့က ခေါ်ယူသွားကြောင်း မိသားစုဝင်ထံက သိရသည်။

By ဝင်းညွန့် 22 Oct 2019

ဝင်းညွန့် | DMG

အောက်တိုဘာ ၂၂၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာမှ အရပ်သားနှစ်ဦးကို တပ်မတော်က စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ အောက်တိုဘာလ ၂၁ ရက်နေ့က ခေါ်ယူသွားကြောင်း မိသားစုဝင်ထံက သိရသည်။

ခေါ်ယူခံရသူနှစ်ဦးမှာ ဦးထွန်းမြင့်နှင့် ကိုနိုင်လင်းဆိုသူဖြစ်ပြီး ၎င်းတို့ကို အထက်လူကြီးများက စစ်ဆေးစရာရှိသည်ဟု ပြောဆိုခဲ့ကာ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာရှိ တပ်မတော်လေ့ကျင့်ရေးကျောင်း၊ တိုင်းဗဟို (၉)သို့ ခေါ်ယူသွားကြောင်း ချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းက DMG ကိုပြောသည်။

“ကျွန်တော်တို့ကို တပ်ရင်းမှူးပြောတာကတော့ အထက်လူကြီးက သူတို့ကို မေးမြန်းစစ်ဆေးချင်တယ်လို့ ပြောပြီး တိုင်းဗဟို ၉ ကို ခဏခေါ်သွားမယ်လို့ပြောတယ်။ ဘာဖြစ်လို့ စစ်ဆေးမယ်ဆိုတာကို မပြောဘူး” ဟု ၎င်းကဆိုသည်။

မိသားစုဝင်များသည် ၎င်းတို့နှစ်ဦးကို တွေ့ဆုံရန်အတွက် တိုင်းဗဟို (၉)သို့ သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း ကိုနိုင်လင်း၏ဖခင် ဦးသိန်းမောင်က ပြောသည်။

“ကျွန်တော့်သားကို ဘာကြောင့်ဖမ်းတာလည်းမေးတော့ စစ်ဆေးစရာရှိတယ်လို့ ပြောတယ်။ ဖမ်းတဲ့အခါ ကျွန်တော့် အိမ်ကိုလာခေါ်တယ်။ ကျွန်တော်လည်း အိမ်ထောင်စုစာရင်းတွေပြတယ်။ အိမ်ထောင်စရင်းပြတော့ သူနဲ့တွေချင်တယ်လိုပြောတယ်။ ခဏနေရင် ပြန်လွတ်လိုက်မယ်လို့ပြောတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် တပ်မတော်က (၂)ရက်ကြာ တည်းခိုနေထိုင်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ခေါ်ယူသွားခြင်းဖြစ်သည်။ အသက်(၅၁)နှစ်အရွယ်ရှိ ဦးထွန်းမြင့်သည် စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး အသက် (၂၉)နှစ်အရွယ် ကိုနိုင်လင်းမှာ ကျောင်း ကြို/ပို့ကားမောင်းသည့် ယာဉ်မောင်းတစ်ဦးဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော် လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော် ဘက်က ရခိုင်ကျေးရွာတစ်ချို့ကို AA တပ်ဖွဲ့ဝင်များရှိနေသည်ဟု သံသယရှိကာ ဝင်ရောက်စစ်ဆေးမှုများလည်း ရှိနေပြီး ဖမ်းဆီးမှုများလည်းရှိသည်။

လက်ရှိတွင် AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ (၂၁၇)ဦး ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး (REC) ထံက သိရသည်။

ဗီဒီယိုများ