မင်းပြားမြို့နယ်တွင် တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် လက်နက်ကြီးထိမှန်မှုကြောင့်လူနှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ခေါင်းလောင်းကျေးရွာအနီး ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့၊နံနက် (၈) နာရီက တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲခံရပြီးနောက် ကျေးရွာရှိ နေအိမ်အတွင်းသို့ လက်နက်ကြီး ကျည်စ များကျရောက်ကာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

By ကျော်သူဌေး 21 Oct 2019

ကျော်သူဌေး/DMG

အောက်တိုဘာ ၂၁၊စစ်တွေ

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ခေါင်းလောင်းကျေးရွာအနီး ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့၊နံနက် (၈) နာရီက တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲခံရပြီးနောက် ကျေးရွာရှိ နေအိမ်အတွင်းသို့ လက်နက်ကြီး ကျည်စ များကျရောက်ကာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ဒဏ်ရာရရှိသူများမှာ အသက် (၂၀)နှစ် အရွယ် ဒေါ်ခင်ဝင်းနွယ်နှင့်သူ၏သမီး အသက် (၃)နှစ်အရွယ် မခင်ဦး နွယ်တို့ဖြစ်သည်။မိခင်ဖြစ်သူမှာ ညာဖက်လက်မောင်းတွင် ဒဏ်ရာရရှိသွားပြီး သမီးဖြစ်သူမှာ နောက်ကျောတွင် ဒဏ်ရာရရှိသွားသည်။

“မနက် ၈ နာရီခွဲလောက်က စစ်တပ်ကားတစ်စီး စစ်တပ်က ထွက်လို့လာတဲ့အခါ နရမ်းလမ်းဆုံနား မရောက်ခင် မိုင်းနှစ်လုံးပေါက်တယ်။ တစ်စုံတစ်ရာ ပစ်ခတ်မှုတွေ မကြားရဘဲ ခေါင်းလောင်းရွာဟောင်းကို လက်နက်ကြီး တစ်လုံး ကျလာတယ်။ အိမ်မှာနေတဲ့ သားမိနှစ်ဦးကို ကျည်စထိမှန်သွားတယ်”ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

လက်ရှိတွင် ၎င်းတို့ကို မင်းပြားမြို့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း ၎င်းက ဆက် လက်ပြောသည်။

မင်းပြားမြို့နယ်တွင် တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရကြောင်း တပ်မတော်ဘက်က အတည်ပြု သည်။

“ကျနော်တို့တပ်မတော်ယာဉ်တန်းတစ်ခု အုပ်ချုပ်မှုကိစ္စသွားတဲ့အချိန်မှာ မိုင်းအခွဲခံရတယ်။AA က ခွဲတာ။ (ကျနော်တို့ဘက်က)ဘာမှ ထိခိုက်ဒဏ်ရာရမှုမရှိဘူး ”ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကိုပြောသည်။

တပ်မတော်သည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးဖြင့်ရွာကို လှမ်းပစ်မှုရှိခဲ့ကြောင်း၊ယင်းပစ်ခတ်မှု ကြောင်း သားမိနှစ်ယောက်ဒဏ်ရာရရှိသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက DVB သတင်းဌာနသို့ပြောဆို ထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့ဆီက ပစ်တာတော့ မရှိဘူး”ဟု DMG ကို ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

တပ်မတော်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက် သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ