မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းက အဆောင်အချို့ဖျက်ဆီးခံရ

အင်အား ၂၀၀ ခန့်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်မိုးပေါ်ထောင်ပစ်ကာ စညှင်းစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်လာပြီး အဆောင်အချို့နှင့် တာပေါ်လင်စများကို ဖျက်ဆီးခဲ့ကြောင်းနှင့် စခန်းဖျက်သိမ်းရန်လည်း ဖိအားပေးပြောဆိုခဲ့ကြောင်း စခန်းတာဝန်ခံ ဦးဇင်းအာရက္ခက DMG သို့မိန့်သည်။

By ခင်သရဖီဦး 26 Jan 2020

ခင်သရဖီဦး | DMG
ဇန်နဝါရီ ၂၆ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် ဇန်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က အဆောင်အချို့ဖျက်ဆီးခံခဲ့ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

အင်အား ၂၀၀ ခန့်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်မိုးပေါ်ထောင်ပစ်ကာ စညှင်းစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်လာပြီး အဆောင်အချို့နှင့် တာပေါ်လင်စများကို ဖျက်ဆီးခဲ့ကြောင်းနှင့် စခန်းဖျက်သိမ်းရန်လည်း ဖိအားပေးပြောဆိုခဲ့ကြောင်း စခန်းတာဝန်ခံ ဦးဇင်းအာရက္ခက DMG သို့မိန့်သည်။

“သူတို့က စစ်ဘေးရှောင်စခန်းထဲကိုဝင်လာပြီး ဘယ်သူခွင့်ပြုချက်နဲ့ နေတာလဲလို့မေးတယ်။ မနက်မိုးလင်းရင် တစ်ယောက်မှမမြင်ချင်ဘူး။ ထွက်သွားကြလို့ပြောတယ်” ဟု ဦးဇင်းအာရက္ခက မိန့်သည်။

ထိုသို့ဖျက်ဆီးခံရမှုကြောင့် စခန်းရှိ တာပေါ်လင်စများနှင့် အဆောင်အချို့ပျက်စီးသွားခဲ့ကာ စခန်းတွင်ကပ်ထားသည့် “ရခိုင်ရဟန်းတော်များအဖွဲ့” ဗီနိုင်းဆိုင်းဘုတ်အားလည်း ခွာယူသွားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

တပ်မတော်၏ဖိအားပေးမှုကြောင့် ဒုက္ခသည်များမှာ စညှင်းစစ်ဘေးရှောင်စခန်းမှ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားသူများလည်းရှိကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ယခုကဲ့သို့ နောက်ထပ်ဖြစ်လာပါက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ပိုဆိုးသွားနိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“စစ်ဘေးရှောင်တွေက စစ်ကိုကြောက်လှန့်ပြီး အခုလို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်။ တပ်မတော်နဲ့ ရန်သူတွေလည်းမဟုတ်ဘူး” ဟု ဦးဖေသန်းက ဆိုသည်။

မြေပုံမြို့နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အင်ကြင်း၊ ဟင်းခရော်၊ လေသွင်း ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာသူ ၃၀၀ ကျော်မှာ စညှင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်လျက် ရှိကြောင်း သိရသည်။

စညှင်းစစ်ရှောင်စခန်းကို မြောက်ဦးမြို့ မြတန်ဆောင်းဖောင်ဒေးရှင်းအဖွဲ့နှင့် ရက္ခိုင်ရဟန်းတော်များအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း - AA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုများရှိသည်ဟုဆိုကာ မြေပုံ၊စညှင်းစစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့ရန် တပ်အသိပေး

ဗီဒီယိုများ