မြေပုံမြို့နယ်တွင် စက်လှေဖြင့်သွားနေသူတစ်ဦး ပစ်ခတ်ခံရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာအနီး ဒါးလက်ချောင်းတွင် စက်လှေဖြင့်သွားနေသူတစ်ဦး ဧပြီလ ၆ ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

By မျိုးသီရိကျော် 07 Apr 2020

(ဓာတ်ပုံ - မောင်ချယ်ရီ)

မျိုးသီရိကျော် | DMG
ဧပြီ ၇၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာအနီး ဒါးလက်ချောင်းတွင် စက်လှေဖြင့်သွားနေသူတစ်ဦး ဧပြီလ ၆ ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ကမ်းထောင်းကြီးမြို့နေ ကိုဆန်းဝင်းထွန်း(အသက် ၂၇ နှစ်)သည် ရန်ကုန်မှလာသည့် ခရီးသည်များကို တင်ဆောင်ရန်အတွက် ကဇုကိုင်းကျေးရွာသို့သွားရာတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဘယ်ဖက်ပေါင်တွင် ကျည်ထိမှန်သွားသည်ဟု ကမ်းထောင်းကြီးမြို့နာရေးအသင်း ဥက္ကဋ္ဌ ဦးရန်နိုင်ဖြိုးက DMG သို့ပြောသည်။

“ရန်ကုန်ကလာတဲ့ ခရီးသည်တွေကို ကဇုကိုင်းကနေယူဖို့ သွားတာပါ။ အဲ့မှာအပစ်ခံရတာပါ။ ဒါးလက်ချောင်းတစ်လျှောက်သွားတာပါ။ စွိချောင်းကျေးရွာရဲ့ဘယ်ဖက်ခြမ်းမှာတော့ စစ်တပ်ရှိတယ်။ ချောင်းအနီးအနားကလူတွေမြင်လို့ ဖုန်းဆက်အကြောင်းကြားလို့ သိရတာပါ” ဟု ၎င်းကဆိုသည်။

စွိချောင်းကျေးရွာသည် ဒါးလက်ချောင်း၏ ဘယ်ဖက်အခြမ်းတွင်တည်ရှိသည်။ ယင်းကျေးရွာအနီးတို့တွင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဒဏ်ရာရရှိသွားသူကို ကမ်းထောင်ကြီးဆေးရုံသို့ ပို့ဆောင်ထားသည်ဟု မိသားစုဝင်များထံက သိရသည်။

“ကျနော်တို့မှာ ဆင်းရဲတာကြောင့် ကိုယ်ပိုင်လှေငှားပြီး စစ်တွေဆေးရုံကို မသွားနိုင်သေးပါဘူး။ လှိုင်းဘုတ်(စက်လှေ)ထွက်တဲ့နေ့မှပဲ သွားရမှာပါ။ လက်ရှိမှာတော့ အဲ့ဒဏ်ရာတွေကို သက်သာအောင်ပဲ လုပ်ထားပါတယ်” ဟု မိသားစုဝင်တစ်ဦဖြစ်သူ ဦးသင်္ကြန်အောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အရပ်သားထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်လည်း မြင့်တက်နေသည်။

ဗီဒီယိုများ