မြေပုံမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေမှုကြောင့် ဒေသခံများနေရပ်စွန့်ခွာ

“လက်နက်ကြီးတွေ ရွာကိုကျလာမှာကိုလည်းစိုးရိမ်တယ်။ အဲဒါကြောင့် ပြေးလာတာဖြစ်ပါတယ်။ ဒီမှာ ဆွေမျိုးအိမ်မှာနေကြတယ်။ လက်ရှိမှာတော့စားသောက်ရေးအတွက် ရွာကလူတွေက စီစဉ်ပေးထားလို့ အဆင်ပြေနေတယ်။ အိမ်တစ်အိမ်တည်းမှာ အိမ်ထောင်စု ၃ စု၊ ၄ စုပေါင်းပြီးနေရတာဆိုတော့ အခက်အခဲတော့ ရှိတာပေါ့လေ”

By အောင်ထိန် 26 Sep 2019

အောင်ထိန် | DMG

စက်တင်ဘာ ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုများကြောင့်ကျေးရွာသုံးရွာမှ ဒေသခံနှစ်ရာကျော်မှာ ယခုရက်ပိုင်းအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

မြေပုံမြို့နယ်အတွင်းမှ ယိုးဆနွင်း၊ ဒင်္ဂါးရ၊ နတ်လကျေးရွာတို့မှ ကျေးရွာသား ၂၆၀ ကျော်သည် စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး တောင်ကြီးရင်းကျေးရွာသို့ ခိုလှုံလာကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဖေက ဆိုသည်။

“သူတို့က ၂၁ ရက်နေ့ ရောက်နေကြတာ။ သူတို့အတွက် ကျေးရွာကအိမ်တွေမှာ နေရာချပေးထားတယ်။ သူတို့စားရေးအတွက် ရွာကပဲ စီစဉ်ပေးထားတယ်။ လူတစ်ယောက်ကို ဆန်နှစ်ဘူးကျနဲ့ပေါ့။ ဒီနေဆိုကုန်ပြီ၊ မနက်ဖြန်ထပ်ပေးရတော့မယ် ” ဟု ဦးထွန်းဖေကပြောသည်။

လက်ရှိရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စစ်ဘေးရှောင်စခန်းဆောက်လုပ်ပေးရန် စီစဉ်လျက် ရှိနေပြီး စစ်ဘေးရှောင်များထပ်မံတိုးရောက်လာပါက အခက်အခဲရှိနိုင်ကြောင်းလည်း ၎င်းကပြောသည်။

မြေပုံမြို့နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့သည် စက်တင်ဘာလ ၂၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ပြောဆို ကြသည်။ တိုက်ပွဲများအတွင်း တပ်မတော်မှ ရဟတ်ယာဉ်သုံးပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်နေသည့် လက်နက်ကြီးများ ကျေးရွာအတွင်းကျရောက်လာမည့်ကို စိုးရိမ်သဖြင့် ထွက်ပြေး လာခြင်းဖြစ်ကြောင်း တောင်ကြီးရင်းကျေးရွာသို့ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဦးစိန်သန်းမောင်က ဆိုသည်။

“လက်နက်ကြီးတွေ ရွာကိုကျလာမှာကိုလည်းစိုးရိမ်တယ်။ အဲ့ဒါကြောင့် ပြေးလာတာဖြစ်ပါတယ်။ ဒီမှာ ဆွေမျိုးအိမ်မှာနေကြတယ်။ လက်ရှိမှာတော့စားသောက်ရေးအတွက် ရွာကလူတွေက စီစဉ်ပေးထားလို့ အဆင်ပြေနေတယ်။ အိမ်တစ်အိမ်တည်းမှာ အိမ်ထောင်စု ၃ စု၊ ၄ စုပေါင်းပြီးနေရတာဆိုတော့ အခက် အခဲတော့ရှိတာပေါ့လေ” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၆၄၉၀၀ ကျော် အထိရှိကြောင်း REC က စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပြီး စစ်ဘေးဒုက္ခသည်များမှာ တစ်နေ့ထက်တစ်နေ့ ထပ်တိုးလာနေသည်။

ဗီဒီယိုများ