မင်းပြားတိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့တွင်းသို့ ကျရောက်လာသည့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များကြောင့် မင်းဘာကြီးရပ်ကွက်မှ အမျိုးသမီးတစ်ဦး သေဆုံးသွားကာ လေးဦးဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

By အောင်ထိန် 28 Feb 2020

ဓာတ်ပုံ- lay mro - minbya cj news

အောင်ထိန်|DMG
ဖေဖော်ဝါရီ၂၈ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့တွင်းသို့ ကျရောက်လာသည့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များကြောင့် မင်းဘာကြီးရပ်ကွက်မှ အမျိုးသမီးတစ်ဦး သေဆုံးသွားကာ လေးဦးဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၂ နာရီခွဲခန့်က တပ်မတော်ရေယာဉ်တစ်စီးသည် ကြပ်စင်တံတားဘက်မှ ရာ မောင်တံတားဘက်သို့ မြစ်ကြောင်းအတိုင်းသွားစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိခိုက်သေဆုံးခြင်းဟု သေဆုံးသူ၏အစ်ကို ဦးအထွန်းက ပြောသည်။

“နေဗီကလက်နက်ကြီး၊ လက်နက်ငယ်ပစ်တာနဲ့ ကျနော့်ညီမ အိမ်မှာကလေးတွေနဲ့။ လက်နက်ကြီးက အိမ်နားက ကုက္ကိုပင်မှကျလို့ ကျည်စတွေထိပြီးသေဆုံးသွားတာ” ဟု ၎င်းကပြောသည်။
နံနက် (၂)နာရီခန့်က လက်နက်ခဲယမ်းအပြည့်တင်ဆောင်လာသည့် တပ်မတော်ရေယာဉ်သုံးစီးကို ကြပ်စင်တံတားအနီးတွင် တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“အဲဒီအချိန်တို တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးတွေ များတဲ့အတွက် မြန်မာ စစ်တပ်ဘက်က မနက်သုံးနာရီလောက်မှာ မင်းပြားမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်။ အဲဒီလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီးတော့ လေးဦးဒဏ်ရာရတယ်လို့ သိရတယ်ဗျာ”ဟု ၎င်းက စွပ်စွဲပြောဆိုသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် (၄၅)နှစ်အရွယ် ဒေါ်သန်းနုယေဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ ကိုယ်ဝန် ဆောင်အမျိုးသမီး မခင်သန်းဌေး(၁၈)နှစ်၊ ဦးကျော်ကျော် (၅၅ နှစ်) ၊ဦးသန်းနိုင် (၃၀ နှစ်) နှင့် ကိုအောင်ခိုင် သန်း(၂၅ နှစ်)တို့ဖြစ်သည်။

ဓာတ်ပုံ- lay mro - minbya cj news

AA နှင့်ဒေသခံများ ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက်ရရှိရန်အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိမှာ သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲရုံကိုပို့ဆောင်ထားကာ ဒဏ်ရာရရှိသူများကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားသည်။ ယင်းအနက် ကိုယ်ဝန်ဆောင်အမျိုးသမီး မခင်သန်းဌေးမှာ ဒဏ်ရာစိုးရိမ်ရသည့်အတွက် စစ်တွေ ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်ထားသည်။

ထိုသို့ သေဆုံး၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်ပြီး စိတ်မကောင်းကြောင်းနှင့် မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မပစ်သင့်ကြောင်း မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြော သည်။

“အခုလိုဖြစ်တယ်ဆိုတော့စိတ်မကောင်းဘူးပေါ့။ နှစ်ဖက်စစ်တိုက်ရင်လည်းတိုက်ပေါ့။ အခုကမြို့တွင်းကို လာပြီး လက်နက်ကြီးပစ်တာတော့မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် သေဆုံးသူ အရပ်သား (၁၃၀)ကျော်နှင့်ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်)မှ သိရသည်။

ဗီဒီယိုများ