မင်းပြားတွင် ဝါးခုတ်သွားသည့် ဒေသခံတစ်ဦး မိုင်းထိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယမန့်နေ့ (မေ ၂၈ ရက်) နံနက် ၉ နာရီခန့်က တောင်ပေါ်သို့ ဝါးခုတ်ရန်သွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By မြတ်ဆွေ 29 May 2020

(ဓာတ်ပုံ - LAY MRO - Minbya CJ News)

မြတ်ဆွေ | DMG
မေ ၂၉ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယမန့်နေ့ (မေ ၂၈ ရက်) နံနက် ၉ နာရီခန့်က တောင်ပေါ်သို့ ဝါးခုတ်ရန်သွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မိုင်းနင်းမိသူမှာ ဦးသာထွန်းအေး အသက် ၅၃ နှစ်ဖြစ်ပြီး နေအိမ်ဆောက်လုပ်ရာတွင် သုံးရန်အတွက် ကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ စပ်ပြားတောင်ကုန်းသို့ ဝါးခုတ်ရန်သွားရောက်စဉ် မိုင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်သိန်းခိုင်မေက DMG သို့ ပြောသည်။

“သူ့မှာ ဖုန်းတစ်လုံးပါသွားတယ်။ မိုင်းနင်းမိချင်းမှာပဲ ဖုန်းဆက်ပြီးပြောလာလို့ သူ့ကို တောင်ကုန်းကနေ ခေါ်ထုတ်လာရတယ်။ အခုဒဏ်ရာကစိုးရိမ်နေရတယ်။ ဘယ်ခြေထောက်ကို ဒူးဆစ်အောက်က ဖြတ်ထားရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူမှာ မြောက်ဦးဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။ ၎င်းတို့မိသားစုမှာ ဝါးခုတ်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ ဖြစ်သည်။ ယခုကဲ့သို့ ခင်ပွန်းဖြစ်သူ မိုင်းထိမှန်သဖြင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့သည့်တိုင် ဆေးကုသမှုခံယူရန်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း ဒေါ်သိန်းခိုင်မေက ပြောသည်။

“ကျွန်မတို့မှာ ဆေးရုံလာတာကလည်း ငွေမရှိဘူး။ ရွာကလူကြီးတွေက အလှူခံပြီးပေးလိုက်တဲ့ငွေ (၅)သောင်းနဲ့ လာခဲ့ရတာ။ ပြတ်သွားတဲ့ခြေထောက်ကို အမြန်ဆုံးကောင်းစေချင်ပါတယ်။ ခြေထောက်တစ်ဖက် ပြတ်တယ်ဆိုပေမယ့်လည်း အမြန်ဆုံးကောင်းစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရွှေကျန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကျန်လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကာ ကလေးသုံးဦးအပါအဝင် အရပ်သားရှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ယိုးဆနွင်းအုပ်စု သောင်ပြင်ကျေးရွာမှ ဒေသခံတစ်ဦးသည် စေတီတောင်သို့ ဝါးခုတ်ရန်သွားစဉ် လမ်းခုလတ်တွင် မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သည်။

ယခင်က မြေမြှုပ်မိုင်းများကို ကျေးရွာများနှင့် အလှမ်းဝေးသည့် တောတောင်များတွင်သာ တွေ့ရသော်လည်း ယခုနောက်ပိုင်းတွင် ကျေးရွာအနီးအနားများတွင်ပါ တွေ့လာရသဖြင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း များပြားလာနေရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများ၌ စစ်ကျန်လက်နက်များနှင့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။

ဗီဒီယိုများ