မင်းပြားမြို့နယ်မှ လက်နက်ကျည်ထိမှန်သည့်လူနာများ စစ်တွေဆေးရုံသို့ရောက်ရှိ

ရခိုင်ပြည် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ ယမန်နေ့က စစ်ကျန်လက်နက်ဗုံးသီးပေါက်ကွဲ၍ ဒဏ်ရာရရှိသွားသူ (၃) ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မင်းပြားဆေးရုံကနေ စစ်တွေဆေးရုံကြီးသို့ ယနေ့ (မေလ ၈ ရက်နေ့) တွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာကြသည်။

08 May 2021

DMG ၊ မေ ၈

ရခိုင်ပြည် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ ယမန်နေ့က စစ်ကျန်လက်နက်ဗုံးသီးပေါက်ကွဲ၍ ဒဏ်ရာရရှိသွားသူ (၃) ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မင်းပြားဆေးရုံကနေ စစ်တွေဆေးရုံကြီးသို့ ယနေ့ (မေလ ၈ ရက်နေ့) တွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာကြသည်။

ဒဏ်ရာရရှိသွားသူ (၃) ဦးမှာ ဦးအောင်ကျော်ညွှန့် အသက် (၄၅) နှစ်၊ ဦးတင်လှိုင် အသက် (၄၀) ခန့်နှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်လှတင်နု အသက် (၇၀) နှစ်တို့ဖြစ်ကြသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၇ ရက်နေ့)၊ နေ့လယ်ပိုင်းအချိန်ခန့်က ကျေးရွာသားတစ်ဦးတောင်ပေါ်မှ ကောက်ယူလာသည့် လက်နက်ကျည်အား ချောင်းထဲသို့ ပစ်ချရန်သွားကြရာကနေ ထပေါက်ကွဲသွားခြင်း ဖြစ်သည်ဟု ဒဏ်ရာရရှိသူ ဦးအောင်ကျော်ညွှန့်၏ ညီဖြစ်သူ ဦးကျော်ဇောက ပြောသည်။

“ ရွာကတစ်ယောက်က တောင်ပေါ်ကိုသွားတော့ အဲဒီဗုံးသီးကိုတွေ့တယ်။ တွေ့တော့ယူလာတယ်။ ဒါကို တင်လှိုင်ဆိုသူက ချောင်းထဲမှာသွားပစ်ချမယ်ဆိုပြီး တနေကုန် အိတ်ထဲထည့်ပြီးသွားနေတယ်။ ညနေပိုင်း ရောက်တော့ သူနဲ့ကျနော့်အကိုက ချောင်းထဲကိုပစ်ချဖို့သွားရာကနေ ကိုတင်လှိုင်အိမ်မှာ ရေဝင်သောက်တယ်။ အဲဒီအချိန်မှာပဲ ဗုံးသီးက အိတ်ထဲကနေထွက်ကျပြီး ပေါက်ကွဲသွားပြီးတော့ သူ့အမေကိုပါထိသွားတာ” ဟု ၎င်းကပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် ၎င်းတို့သုံးဦးစလုံးတွင် ခြေထောက်နှင့်ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာပြင်း ထန်စွာရရှိသွားခဲ့ပြီး မင်းပြားဆေးရုံ၌ဆေးကုသမှုခံယူရာကနေ ဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် စစ်တွေဆေးရုံသို့ အရေးပေါ်ယူဆောင်လာရခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။

ယခု ဗုံးသီးတွေ့ရှိလာသည့် စပါးကျေးရွာအနီးတောင်တန်းတွင် ယခင်က တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်းနှင့် ယင်းတောင်တန်းမှစစ်ကျန်လက်နက်များ မကြာခဏ ရရှိဖူးကြောင်းလည်း ကျေးရွာသားများကဆိုသည်။

စပါးထားကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀)ရက်နေ့ကလည်း ကျေးရွာအတွင်းလက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ၂ နှစ်နီးပါးခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး DMG ၏ အချက်အလက်အရ ၂၀၂၀ ဇန်နဝါရီလ၊ ၂၀၂၀ ဇွန်လမှ နိုဝင်ဘာလအထိ မိုင်းထိမှန်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံးသူ ၅၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၈ ဦးအထိရှိခဲ့သည်။

ဗီဒီယိုများ