မင်းပြားတွင် ရဲအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဆေးကုသမှုခံယူနေရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ရာမောင်ခန်းမအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) ညနေပိုင်းက နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူ နေရကြောင်း မင်းပြားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက DMG သို့ ပြောသည်။

By နှင်းနွယ် 11 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၁၁ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ရာမောင်ခန်းမအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) ညနေပိုင်းက နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူ နေရကြောင်း မင်းပြားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက DMG သို့ ပြောသည်။

“သေနတ်နဲ့ အပစ်ခတ်ခံရတဲ့ ဖြစ်စဉ်ကတော့ မှန်ပါတယ်ခင်ဗျ။ ဒဏ်ရာကတော့ ကျည်နှစ်ချက်ထိသွားတယ်။ ပါးမှာ တစ်ချက်ရယ်၊ လည်ပင်းအောက်မှာတစ်ချက်ရယ်။ လူနာကတော့ အခု မင်းပြားဆေးရုံမှာ ဆေးကုသမှုခံယူ နေတယ်။ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်” ဟု မင်းပြားမြို့မရဲစခန်းမှ လုံခြုံရေးအရအမည်မဖော် လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သို့သော် ဖြစ်စဉ်အသေးစိတ်ကို ပြောဆိုခွင့်မရှိကြောင်းလည်း ယင်းရဲတပ်ဖွဲ့ဝင်က ပြောသည်။

ပစ်ခတ်ခံရသူမှာ မင်းပြားမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကောင်းမြတ်ထွန်းဖြစ်ပြီး ၎င်းမှာစားသောက်ဆိုင်တွင်ရှိနေစဉ် အမည်မသိသူနှစ်ဦးက သေနတ်ဖြင့်လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသံများထံမှသိရသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “မြို့ထဲကလူတွေ ပြောသံကြားတာ ကတော့ မနေ့ကညနေ ၆ နာရီအချိန်လောက်က ရာမောင်ခန်းမဘယ်ဘက်မှာရှိတဲ့ စားသောက်ဆိုင်မှာ ပစ်ခတ်မှု ဖြစ်ပြီး ရဲအုပ်တစ်ဦးဒဏ်ရာရသွားတယ်ဆိုတာလောက်ပဲသိရတယ်။ ဘယ်သူ၊ ဘယ်ဝါလုပ်သွားတယ် ဆိုတာတော့ ကျနော်လည်းအသေးစိတ်မသိဘူး ’’ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မင်းပြားမြို့အတွင်း လက်နက်ငယ်ပစ်ခတ်မှုအချို့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သေနတ်ပစ်သံကြားတော့ လူတွေကကြောက်ပြီးတော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပြီးတော့ တံခါးပိတ်၊ မီးပိတ်နေကြ တာပေါ့။ ကျနော်တို့ဒေသခံတွေစိုးရိမ်တာက သူတို့(ရဲတပ်ဖွဲဲ့ဝင်တွေ)က ကားနဲ့ပတ်ပြီးတော့ မြို့ထဲကို ဝင်မပစ်ဘူး လို့လည်းမပြောနိုင်ဘူးလေ။ တကယ်လို့ပစ်လို့ရှိရင် ပြည်သူတွေဆီလာထိမှာတော့စိုးရိမ်တယ် ”ဟု မင်းပြားမြို့ခံ တစ်ဦးကပြောသည်။

ယင်းအပြင် အခင်းဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်မှ ပိုင်ရှင်ဖြစ်သူအား ယမန်နေ့ညနေပိုင်းက ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဗီဒီယိုများ