စစ်တွေမြို့မဈေးအတွင်း ယာဉ်ဝင်ရောက်ရပ်နားပါက ငွေသုံးသောင်းကျပ်ဒဏ်ရိုက်မည်ဟု စည်းကမ်းသတ်မှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်းသို့ သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက်မောင်းနှင်ခြင်း၊ ရပ်နားခြင်းပြုလုပ်ပါက ဒဏ်ငွေသုံးသောင်းကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

24 Nov 2021

DMG ၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်းသို့ သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက်မောင်းနှင်ခြင်း၊ ရပ်နားခြင်းပြုလုပ်ပါက ဒဏ်ငွေသုံးသောင်းကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဈေးလမ်းအတွင်း မော်တော်ဆိုင်ကယ်နှင့် သုံးဘီဆိုင်ကယ်များ ဝင်ရောက်ခြင်း၊ ရပ်နားခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှုများဖြစ်စေသဖြင့် ယခုကဲ့သို့အရေးယူမည့်အစီအစဉ်ကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ်စည်ပင်သာယာရေးကော်မတီ ဒုဦးစီးမှူး ဦးတင်မင်းဇော်က DMG သို့ပြောသည်။

ယင်းသို့ဆောင်ရွက်မည်ကို ဈေး၏မျက်နှာစာတွင် သတိပေးဗွီနိုင်းများကပ်ထားပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်ကာ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

“လောလောဆယ်တော့ ပထမအကြိမ်မို့ ဒဏ်ငွေပဲရိုက်မယ်။ နောက်ဆိုရင်တော့ ယာဉ်ထိန်းရဲတွေနဲ့ပူးပေါင်းပြီး အရေးယူဆောင်ရွက်သွားဖို့ရှိတယ်”ဟု စစ်တွေမြို့နယ်စည်ပင်သာယာရေးကော်မတီ ဒုဦးစီးမှူး ဦးတင်မင်းဇော်ကပြောသည်။

မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များအနေဖြင့် သတ်မှတ်နေရာတွင်ရပ်နား၍ ခရီးသည်နှင့် ကုန်စည်များကို တင်ဆောင်ရမည်ဖြစ်ကြောင်း ဦးတင်မင်းဇော်ကဆိုသည်။

စစ်တွေမြို့မဈေးကြီးအတွင်းရှိလမ်းမှာ ကျဉ်းမြောင်းသဖြင့် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များဝင်ရောက်ရာ လမ်းသွားလာရေးခက်ခဲခြင်းနှင့်ကြုံနေရကြောင်း စစ်တွေမြို့ဒေသခံများကပြောသည်။

“မြို့မဈေးကြီးကိုသွားရင် မနက်ပိုင်းလူများချိန်ဆို သုံးဘီးဆိုင်ကယ်တွေ မော်တော်ဆိုင်ကယ်တွေနဲ့ ရှုပ်ရှက်ခတ်ပြီးသွားလာရတာ အဆင်မပြေဘူး။ ဒီတော့ အခုလိုဒဏ်ငွေရိုက်မယ်လုပ်လိုက်တာ ကောင်းပါတယ်”ဟု စစ်တွေမြို့ဒေသခံ မသန်းသန်းစိုးက ပြောသည်။

စစ်တွေမြို့မှာ ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်ညီစေရန်ဆောင်ရွက်သည့်အနေဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းမှာကောင်းမွန်သော်လည်း ဒဏ်ငွေရိုက်ရာတွင် လက်လုပ်လက်စားများ အခက်အခဲကိုလည်း ပြန်ကြည့်သင့်ကြောင်း စစ်တွေဒေသခံ ကိုညီခိုင်သွီးကပြောသည်။

“စည်းကမ်းတစ်ခုအနေနဲ့က လုပ်သင့်ပါတယ်။ ဒါပေမဲ့ အခုလို အငှားယာဉ်မောင်းတွေ (သုံးဘီးဆိုင်ကယ်သမား)က တင်မယ့်လူမရတာတို့၊ ဆီဈေးတက်တာတို့နဲ့လည်း ရင်ဆိုင်နေရရှာတော့ သူတို့ဘက်အခက်အခဲကိုလည်း ပြန်တွေးသင့်တယ်”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့မဈေးကြီးအနီးတွင် ယာဉ်ကြောပိတ်ဆို့မှုများလာသဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ တစ်လမ်းမောင်းစနစ်ဖြင့် လမ်းများကိုပြန်လည်ဖော်ဆောင်ခဲ့ပြီးနောက် ဈေးကြီးအတွင်း ယာဉ်ဝင်ရောက်မှုမရှိစေရေးအတွက် ထပ်မံလုပ်ဆောင်ခြင်းဖြစ်သည်။

ဗီဒီယိုများ