ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ညွှန်ကြားရေးမှူးတစ်ဦးသေဆုံး ၊ ကိုဗစ်လူနာ ၇ ဦးအထိ သေဆုံးမှုရှိလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းကြောင့် တက်ရောက် ကုသမှုခံယူနေရသည့် ကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်း အချိန်က သေဆုံးသွားသည်။

By ဉာဏ်ဟိန်း 07 Oct 2020

ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းကြောင့် တက်ရောက် ကုသမှုခံယူနေရသည့် ကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်း အချိန်က သေဆုံးသွားသည်။

ယနေ့ သေဆုံးသွားသူမှာ အသက်(၄၈) အမျိုးသားဖြစ်ပြီး စစ်တွေပြည်သူ့ဆေးရုံကြီး၌ အထူးကြပ်မတ် ကုသဆောင်တွင် အောက်ဆီဂျင်ပေးထားရသူဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က DMG သို့ ပြောသည်။

“ဒီနေ့နံနက်ပိုင်းက တစ်ယောက်ဆုံးသွားတယ်။ ဒီတစ်ယောက်ဆိုရင် စစ်တွေဆေးရုံမှာ ဆုံးသွားတာ (၅)ယောက် ရှိပါပြီ။ သေသွားတဲ့သူတွေကတော့ အကုန်လုံး အောက်ဆီဂျင်ပေးထားရတဲ့သူတွေပါ” ဟု ဒေါက်တာဇော်လွင်က ဆိုသည်။

လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာသေဆုံးသူမှာ စစ်တွေမြို့နယ်တွင် ၅ ဦး၊ ကျောက်တော်မြို့နယ်၌ ၁ ဦးနှင့် ပေါက်တောမြို့နယ်တွင် ၁ ဦး စုစုပေါင်း ၇ ဦးထိ ရှိပြီဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၇ ရက်အထိ ကိုဗစ်ပိုးတွေ့လူနာ ၁၈၁၃ ဦးရှိပြီး ယင်းအထဲမှ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၄၅၈ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၃၅၅ ဦးရှိကြောင်း Rakhine Breaking News မှ ထုတ်ပြန်ထားသည်။

စစ်တွေဆေးရုံကြီး၌ အောက်စီဂျင်ပေး ကုသနေရသည့် ကိုဗစ်လူနာများအား ကိုဗစ်ရောဂါပိုး ပျောက်ကင်းသွားသူများ၏ သွေးရည်ကြည်ဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က DMG သို့ ပြောဆိုထားသည်။

လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကယ်ထိန်းချုပ်ရန်အတွက် မလိုအပ်ဘဲ အပြင်မထွက်ဖို့ ကြေညာထားပြီး မဖြစ်မနေ အပြင်ထွက်မည့်သူများအနေဖြင့် အပြင်ထွက်ခွင့်ကတ်ပြားဖြင့် သွားလာခွင့် ပြုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အောက်တိုဘာလ ၇ ရက်နေ့ ည ၈ နာရီအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ ၂၁,၄၃၃ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၆,၀၈၄ ရှိကာ သေဆုံးသူစုစုပေါင်းမှာ ၅၁၀ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ