မောင်တောတွင် အမျိုးသမီးတစ်ဦး အသတ်ခံရပြီး နှစ်ဦးပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သုပဏ္ဏကျေးရွာအုပ်စု၊ ဘောင်းရွာမှ အမျိုးသမီးသုံးဦး ပျောက်ဆုံးနေရာ အမျိုးသမီးတစ်ဦးကို ယမန်နေ့ ညနေ ၈ နာရီတွင် လည်ပင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့သည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောသည်။

14 Mar 2020

ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က သေဆုံးရုပ်အလောင်းကို မောင်တောဆေးရုံသို့ ယူဆောင်လာစဉ်။ (ဓာတ်ပုံ - ချလူးအောင် | DMG)

ချလူးအောင် | DMG
မတ် ၁၄ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သုပဏ္ဏကျေးရွာအုပ်စု၊ ဘောင်းရွာမှ အမျိုးသမီးသုံးဦး ပျောက်ဆုံးနေရာ အမျိုးသမီးတစ်ဦးကို ယမန်နေ့ ညနေ ၈ နာရီတွင် လည်ပင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့သည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောသည်။

မတ်လ ၁၃ ရက်နေ့က မိမိကျေးရွာအနီး တောင်ယာသို့ ငရုပ်သီးခူးရန် သွားရောက်ပြီးနောက် ရွာသို့ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ ရွာနှင့်တစ်မိုင်ကျော်ခန့်အကွာ တောအုပ်တစ်နေရာတွင် အလောင်းကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကျန်အမျိုးသမီးနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

“နယ်မြေခံအမှတ်(၅) နယ်ခြားစောင့်စခန်းကို အကြောင်းကြားပြီး ညတွင်းချင်းလိုက်ရှာကြတာ ည ၈ နာရီမှာ ရွာရဲ့တစ်မိုင်ကျော်လောက်ကတောထဲမှာ လည်ပင်းပြတ်တဲ့ဒဏ်ရာနဲ့ အလောင်းတစ်လောင်းတွေ့တာပါ။ ကျန်တဲ့ ၂ ယောက်ကိုတော ဒီနေ့ မနက်ကတည်းက လိုက်ရှာနေကြပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

သေဆုံးသူမှာ အသက် (၁၇)နှစ်အရွယ် မဆောင်ပေါင်းဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ ဒေါ်တောင်ရူ(၄၀ နှစ်) နှင့် မထောင်လုံး (၂၀ နှစ်)တို့ဖြစ်သည်။ ၎င်းတို့မှာ ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်ရင်းသူများဖြစ်သည်။

“ဒဏ်ရာက လည်ပင်းဖြတ်သွားတာပါ။ အရေပြားလေးသာ ကျန်နေတာ” ဟု ရွာတာဝန်ခံ ကိုအောင်နိုင်က ပြောသည်။

အဆိုပါ ဘောင်းရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိကာ မြိုတိုင်းရင်းသားများ အများဆုံးနေထိုင်နေကြသည်။

ဗီဒီယိုများ