ဘင်္ဂလားဒေ့ရှ်မှ ကုန်ပို့ပြီးပြန်လာသည့် လှေမောင်း ၃ ဦးကို မောင်တောမြို့မှာ ၂၁ ရက်စောင့်ကြည့်ထား

ရခိုင်ပြည်နယ်-မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပို့ပြီးပြန်လာသည့် စက်လှေမောင်းသူ ၃ ဦးကို မောင်တောမြို့ အ.ထ.က(၂)ကျောင်းတွင် Facility Quarantine အဖြစ် ၂၁ ရက် စောင့်ကြည့်ထားကြောင်း သိရသည်။

18 Apr 2020

ချလူးအောင် | DMG
ဧပြီ ၁၈ ၊ မောင်တော

ရခိုင်ပြည်နယ်-မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပို့ပြီးပြန်လာသည့် စက်လှေမောင်းသူ ၃ ဦးကို မောင်တောမြို့ အ.ထ.က(၂)ကျောင်းတွင် Facility Quarantine အဖြစ် ၂၁ ရက် စောင့်ကြည့်ထားကြောင်း သိရသည်။

ယခုစောင့်ကြည့်ထားသူ ၃ ဦးမှာ မောင်တောမြို့မအနောက်မှ ၁ ဦးနှင့် ရွာသစ်ကေကျေးရွာမှ ၂ ဦးတို့ ဖြစ်ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ကုန်ပို့ပြီး ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ပြန်လည်ဝင်ရောက်လာသည့် စက်လှေ ၂ စီးမှ လှေမောင်းသူ ၇ ဦးအား Facility Quarantine အဖြစ် ၂၁ ရက်စောင့်ကြည့်မှုမပြုလိုက်ရကြောင်းနှင့် ဧပြီလ ၁၅ ရက်နေ့တွင် ပြန်ဝင်လာသည့် လှေမောင်း ၃ ဦးကိုသာ စောင့်ကြည့်ထားခြင်းဖြစ်ကြောင်း မောင်တော ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘုတ် ၂ စီးကို Facility Quarantine အဖြစ် ၂၁ ရက်စောင့်ကြည့်ဖို့ မရလိုက်ဘူးဗျ။ အခု နောက်ဆုံးဝင်လာတဲ့ အစီးက ၃ ဦးကိုတော့ အထက(၂)မှာဖွင့်လှစ်ထားတဲ့ စောင့်ကြည့်ရေးစင်တာမှာ ပထမဆုံးအကြိမ်အဖြစ် ၂၁ ရက်စောင့်ကြည့်သွားမှာဖြစ်တယ်”လို့ မောင်တောကျန်းမာရေးဌာနမှတာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ထိုသို့ စောင့်ကြည့်ရေးစင်တာ၌ ၂၁ ရက် စောင့်ကြည့်နေသူများမှာ ဖျားနာ၊ ချောင်းဆိုမှုမရှိကြောင်း မောင်တော ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာနုကေသီစံက ပြောသည်။

လက်ရှိ ၂၁ ရက်စောင့်ကြည့်ထားသူများအတွက် စားဝတ်နေရေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျခံ ပေးထားကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“Facility Quarantine အဖြစ်ထားရှိသူတွေကို တစ်နေ့ ၆၀၀၀ ကျပ်နှုန်းနဲ့ ရခိုင်ပြည်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ထားပါတယ်” ဟု ၎င်းကဆိုသည်။

မောင်တောမြို့၌ လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်း၊ အထက(၂)စာသင်ကျောင်းနှင့် မိုးလုံလေလုံ အားကစားခန်းမ စသည့်သုံးနေရာအား Facility Quarantine အဖြစ်ထားရှိရန် သတ်မှတ်ထားကြောင်း သိရသည်။

ယခင်က လှဖိုးခေါင်စခန်းတွင် Facility Quarantine အဖြစ်ထားရှိသူ ၈၂ ဦးနှင့် နေအိမ်တွင် စောင့်ကြည့် ထားသူ ၁၈ ဦးရှိခဲ့ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့အထိ လှဖိုးခေါင်စခန်းတွင် စောင့်ကြည့်ထားသူ ၄၃ ဦးနှင့် မောင်တောမြို့ အ.ထ.က(၂)တွင် ၃ ဦး စုစုပေါင်း ၄၆ ဦးရှိကြောင်း မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 စောင့်ကြပ်ကြည့်ရှုမှုအခြေအနေမှာ စောင့်ကြည့်ရေးစခန်းတွင် ၈၉၇ ဦး၊ နေအိမ်တွင် ၂၁၇၂ ဦးနှင့် ဆေးရုံတွင် ၃၄ ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးတွေ့ရှိသူ ၉၄ ဦး၊ သေဆုံးသူ ၅ ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၅ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့(ဧပြီလ ၁၈ ရက်) နံနက် ၁၀ နာရီ ထုတ်ပြန် ထားသည်။

ဗီဒီယိုများ