မောင်တောတွင် ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အငူမော်-မောင်တောသွားလမ်းပေါ်ရှိ ဥဒေါင်းကျေးရွာရဲကင်းစခန်းနှင့် သုံးဖာလုံခန့်အကွာတွင် ဧပြီလ ၃၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ ကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

By ချလူးအောင် 01 May 2020

ချလူးအောင် | DMG
မေ ၁ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အငူမော်-မောင်တောသွားလမ်းပေါ်ရှိ ဥဒေါင်းကျေးရွာရဲကင်းစခန်းနှင့် သုံးဖာလုံခန့်အကွာတွင် ဧပြီလ ၃၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ ကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သေဆုံးသွားသူမှာ ဦးအောင်ထွန်းသိန်း ၄၈ နှစ်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင် ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်း ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးအောင်ထွန်းသိန်း၏ ရင်ဘတ်ပွင့်ထွက်ဒဏ်ရာဖြင့် ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူကအဲဒီနားမှာ ကွမ်းယာဆိုင်ဖွင့်ပြီး ကွမ်းယာတို့၊ အချိုရည်တို့ရောင်းတာ။ အဲဒီနေ့က သူ့ဆိုင်နောက်ဘက်က ဝါးရုံမှာ မျှစ်သွားချိုးတာလို့ သိရတယ်။ ဝါးရုံဘေးမှာ သတင်းစာစက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်တွေ့လို့ ဖွင့်ကြည့်လိုက်တော့ ပေါက်ကွဲပြီးခုလိုဖြစ်သွားတာ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ဆိုသည်။

သေဆုံးသွားသည့် ဦးအောင်ထွန်းသိန်း၏ရုပ်အလောင်းကို မောင်တောဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးခဲ့ပြီး ယနေ့မေလ ၁ ရက်နေ့တွင် အလောင်းအား ကျေးရွာသို့ သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

၎င်းဖြစ်စဉ်အား တပ်မတော်ကထုတ်ပြန်ရာတွင် ဥဒေါင်းတံတားအနီး မိုင်းပေါက်ကွဲသံကြားရသဖြင့် သွားရောက်စစ်ဆေးရာ ဥဒေါင်းတံတားအနီး၌ မိုင်းထိဒဏ်ရာများဖြင့် သေဆုံးနေသော AA အမာခံတစ်ဦး၏အလောင်းအား တွေ့ရှိရသည်ဟု ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

သေဆုံးနေသူအားစိစစ်ခဲ့ရာ ဥဒေါင်းကျေးရွာနေ ဦးအောင်ထွန်းသိန်း အသက် ၄၈ နှစ်ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးသူသည် AA ၏ အမာခံသတင်းပေးတစ်ဦးဖြစ်ကြောင်း သိရသည်ဟု တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏စွပ်စွဲချက်နှင့်ပတ်သက်ပြီး ဦးအောင်ထွန်းသိန်း၏ဇနီးဖြစ်သူ ဒေါ်မသန်းစိန်က ငြင်းဆိုထားသည်။

“ကျွန်မတို့ ဘာမှမသိပါဘူး။ ကျွန်မတို့က ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူတွေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ပတ်သက်ပြီးလည်း ဒေါ်မသန်းစိန်မှ တရားလိုပြုလုပ်ကာ အလယ်သံကျော်နယ်မြေ ရဲစခန်းတွင် (ပ)၅/၂၀၂၀ ၊ အကြမ်းဖက်ဥပဒေပုဒ်မ -၅၀(က) (ဈ)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အလယ်သံကျော်နယ်မြေရဲစခန်းမှ သိရသည်။

ဗီဒီယိုများ