တရားမဝင်လာရောက်သည့် မွတ်ဆလင် ၆ ဦးအား ငွေဒဏ်နှင့် ထောင်ဒဏ်အပြစ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာခဲ့ကြသည့် မောင်တောမြို့နယ်မှ မွတ်ဆလင် ၃ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၃ ဦးတို့အား ဇူလိုင် ၂၁ ရက်နေ့က သက်ဆိုင်ရာမြို့နယ်တရားရုံးများက ငွေဒဏ်နှင့် ထောင်ဒဏ်အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

By ကျော်မျိုးအောင် 22 Jul 2020

ကျော်မျိုးအောင် | DMG
ဇူလိုင် ၂၂ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာခဲ့ကြသည့် မောင်တောမြို့နယ်မှ မွတ်ဆလင် ၃ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၃ ဦးတို့အား ဇူလိုင် ၂၁ ရက်နေ့က သက်ဆိုင်ရာမြို့နယ်တရားရုံးများက ငွေဒဏ်နှင့် ထောင်ဒဏ်အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်တရားရုံး၌ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၅)ဖြင့် ငွေဒဏ် ၁ သိန်းကျပ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးတင်ထွန်းက DMG သို့ ပြောသည်။

ထို့အပြင် မောင်တောမြို့နယ်တရားရုံးတွင်လည်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လချမှတ်ခဲ့ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်း ၈၀ ဦးခန့်ထဲမှ ပထမအသုတ်အနေဖြင့် မွတ်ဆလင် ၄၄ ဦးကို လဝကဥပဒေဖြင့် တရားစွဲတင်ခဲ့ပြီး ၂၃ ဦးအား ထောင်ဒဏ် ၆ စီလည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ၁၈ ဦးအားတရားစွဲတင်ကာ ၁၃ ဦးအား ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့သည်။

လက်ရှိအချိန်၌ ကျန်ရှိနေသူ ၁၄ ဦးအား အရေးယူရန်ဆောင်ရွက်လျှက်ရှိကြောင်း မောင်တောခရိုင်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ