ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာသည့် မွတ်ဆလင်များကို လက်မခံသင့်ဟု ရခိုင်အမတ်ပြော

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ မိမိဆန္ဒ အလျောက် ပြန်ဝင်လာသည့် မွတ်ဆလင်ဒုက္ခသည်များကို လက်မခံသင့်ကြောင်း မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အကြံပြုသည်။

20 Mar 2020

မတ်လ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ မွတ်ဆလင်ဒုက္ခသည် ၁၁ ဦးဝင်ရောက်လာ စဉ်။ ဓာတ်ပုံ-ချလူးအောင်

ချလူးအောင်|DMG
မတ် ၂၀ ၊ စစ်တွေ

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ မိမိဆန္ဒ အလျောက် ပြန်ဝင်လာသည့် မွတ်ဆလင်ဒုက္ခသည်များကို လက်မခံသင့်ကြောင်း မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အကြံပြုသည်။

မတ်လ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ မိမိဆန္ဒအလျှောက် ပြန်ဝင်လာသည့် မွတ်ဆလင် ဒုက္ခသည် ၁၁ ဦး၊ မတ်လ ၈ ရက်နေ့တွင် ၁၉ ဦး၊ မတ်လ ၇ ရက်နေ့တွင် ၂၂ ဦး ဝင်ရောက်လာသည်ဟု ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှ သိရသည်။

“အခုအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ များလာနေသလို သေဆုံးသူတွေလည်း ရှိနေတယ်။ နောက်ပြီး ဒီလူတွေကို နှစ်နိုင်ငံတရားဝင်သဘောတူညီချက်အရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ပြန်ပို့တာမဟုတ်ဘူး။ တရားဝင်ပြန်ပို့ရင်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရောဂါရှိ၊မရှိ စစ်ဆေးပြီးမှ ပို့ပေးရမှာ။ အခုက မိမိဆန္ဒအလျောက် ဝင်နေကြတာတွေက များလာနေတယ်။ ဒီဖက်က စစ်ဆေးတာတွေ လုပ်တယ်ဆိုပေမယ့် ရောဂါရှိ၊မရှိ ဘယ်သူမှ အာမမခံနိုင်ဘူး”ဟု ဦးမောင်အုန်းက ပြောသည်။

လက်ရှိတွင် မိမိဆန္ဒအလျောက်ဝင်ရောက်လာသူ (၇၀၀)ကျော်အထိ ရှိနေပြီး ကိုရိုနာရောဂါ ဖြစ်ပွားနေဆဲ ကာလတွင် ပြန်ဝင်လာသူများကို ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ထားသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“ပြန်လည်လက်ခံရေး စခန်းနှစ်ခုဖြစ်တဲ့ တောင်ပြို နဲ့ငါးခူရမှာ ကျန်းမာရေးဝန်ထမ်းတွေ အချိန်ပြည့် တာဝန်ချပေးထားတယ်။ အခု ပြန်ဝင်လာသူတွေကိုလည်း ဖျားနာသူ ပါ၊မပါ စစ်ဆေးမှုတွေ လုပ်တယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာက ပြောဆိုထားသည်။

ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် တရုတ်၊ အီတလီ၊ အီရန်၊ စပိန် စသည့်နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း (၉၈၆၇)ဦး နှင့် ကူးစက်ခံရသူ စုစုပေါင်း (၂၄၂၇၁၄)ဦးရှိကြောင်း၊ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၁၅၅ နှင့် သံသယလူနာ ၂ ဦးရှိကြောင်း RFA သတင်းဌာနက ယနေ့ ရေးသားထားသည်။

ဗီဒီယိုများ