ပိုးတွေလူနာ ၅ ဦးအထိ ရှိလာသည့်အတွက် မောင်တောခရိုင်ဒေသခံများ စိုးရိမ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာကြသည့် နေရပ်စွန့်ခွာသူများကို ယခုရက်ပိုင်းအတွင်း ပိုမိုတွေ့ရှိလာရသည်။

By ကျော်မျိုးအောင် 12 Jun 2020

နယ်စပ်ခြံစည်းရိုး တစ်နေရာအား တွေ့ရပုံ။

ကျော်မျိုးအောင် | DMG
ဇွန် ၁၂ ၊ မောင်တော

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာကြသည့် နေရပ်စွန့်ခွာသူများကို ယခုရက်ပိုင်းအတွင်း ပိုမိုတွေ့ရှိလာရသည်။

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ၊ သံခါလီဒုက္ခသည်စခန်းတွင်နေထိုင်ခဲ့သည့် မိသားစုဝင် ၅ ဦးသည် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မောင်တောမြို့နယ်၊ ဦးရှည်ကျကျေးရွာကိုရောက်ရှိလာခဲ့ကြောင်း ဦးရှည်ကျကျေးရွာအုပ်ချုပ်ရေးမှူး ဆီရာဆ်ဆလာမ်က ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့တွင် DMG သို့ ပြောသည်။

ယခုကဲ့သို့ ဝင်ရောက်လာကြသည့် မိသားစုဝင် ၅ ဦးအား လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းတွင် Quanratine ထားရှိခဲ့ပြီး ၎င်းတို့ထဲမှ အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိခဲ့သည်။

၎င်းတို့ ၅ ဦးသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်၊ နယ်မြေ(၄)လိပ်ရကျေးရွာနှင့် ဇီးပင် ချောင်းလမ်းကြောင်းမှ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း DMG မှ စုံစမ်းသိရှိရခဲ့သည်။

ထိုသို့ မောင်တောတွင် ပိုးတွေ့လူနာတစ်ဦးရှိလာခဲ့ပြီးနောက်မောင်တောဒေသအတွင်း နေထိုင်သူများအနေ ဖြင့်လည်း စိုးရိမ်မှုမြင့်တက်ခဲ့သည်။

မောင်တောခရိုင်တွင် နယ်ခြားစောင့်တပ်ရင်း(၈)ခုခန့်ရှိကာ နယ်စပ်တစ်လျှောက် လုံခြုံရေးယူထားခြင်းများ ရှိသော်လည်း ယခုကဲ့သို့ တရားမဝင် ဝင်ရောက်မှုများရှိနေခြင်းမှာ နယ်စပ်မလုံခြုံမှုကို ပြသနေကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းကနေပြီးတော့ ဒီဖက်ကို အတားအဆီးမရှိဝင်လာမယ်ဆိုရင် ဒီဒေသမှာရှိနေတဲ့ ကျွန်တော်တို့ရခိုင်တိုင်းရင်းသားတွေ၊ နောက်တိုင်းရင်းသားတွေအပါအဝင် ဒီထဲမှာရှိနေတဲ့ဘင်္ဂါလီတွေပါ ပိုးကူး စက်ပြီးတော့ ဒုက္ခရောက်နိုင်တဲ့အခြေအနေတွေရှိနေတယ်။ အဲ့ဒီအတွက်ကြောင့် နယ်စပ်ကိုလုံခြုံအောင် ဆောင်ရွက်ပေးနိုင်ဖို့အရေးကြီးပါတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများကို မောင်တောဒေသ တွင် ဆက်တိုက်တွေ့ရှိလာသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က မွတ်ဆလင်တစ်ဦး၊ ဟိန္ဒူလူမျိုးတစ်ဦးနှင့် ဇွန်လ ၅ ရက်နေ့တွင် မွတ်ဆလင် နှစ်ဦးတို့ တရားမဝင် ဝင်ရောက်လာမှုရှိခဲ့ကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထို့သို့တရားမဝင်ဝင်ရောက်လာမှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် နယ်စပ်လုံခြုံရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပေးရန် ဒေသခံများကလိုလားနေကြသည်။

မောင်တောဒေသခံတစ်ဦးဖြစ်သူ ကိုမောင်ဝင်းသိန်းက “စဖြစ်ကတည်းက နယ်စပ်ခြံစည်းရိုးကိုသတိထားဖို့ လွှတ်တော်ကိုယ်စားလှယ်ကတစ်ဆင့် ပြောပေးတာရှိပါတယ်။ ဒါပေမဲ့ အခုအချိန်ကခိုးဝင်လာပြီးပြီ။ ပိုးလည်း တွေ့ပြီးပြီပေါ့။ ကျွန်တော်တို့တအားကြီးကိုစိုးရိမ်သွားတာပေါ့”ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းက တရားမဝင် ဝင်ရောက်လာသည့် နေရပ် စွန့်ခွာသူ ၈ ဦးကိုတွေ့ခဲ့ပြီး Quarantine ထားရှိထားကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံမှ သိရသည်။

၎င်းတို့ ၈ ဦးမှာ မောင်တောမြို့နယ်၊ သရက်အုပ်(မွတ်စလင်)ကျေးရွာတွင် ညအိပ်ခဲ့ပြီးမှ ဘူးသီးတောင် မြို့နယ်သို့ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ၎င်းတို့အား ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်(၃) ၊ ဗိုလ်ချုပ်လမ်းအတွင်းရှိ ဗလီကြီးတွင် သီးသန့်ထားရှိထားကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုကဲ့သို့ တရားမဝင် ပြန်လည်ဝင်လာရောက်သူများကို ပို့ဆောင်ပေးနေသူများ ရှိနေသည့်အတွက် နယ်စပ် ဒေသများတွင် လုံခြုံရေးတိုးချဲ့ချထားရန်နှင့် တရားမဝင်ပို့ဆောင်ပေးနေသည့် ပွဲစားများကိုလည်း ဖမ်းဆီးရန် အတွက် လုပ်ဆောင်နေကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“အခုလောလောဆယ်တော့ ပို့တဲ့သူတွေကိုဖမ်းဖို့ ကျွန်တော်လုပ်နေတယ်။ အခု အဲဒါကို နယ်ခြားစောင့် နဲ့တော့ ညှိနေတယ်။ လုံခြုံရေးတွေတိုးချဖို့ရယ်၊ ပွဲစားလုပ်ပြီးပို့နေတဲ့သူတွေကိုဖမ်းဖို့ရယ် ကျွန်တော်လုပ်နေတယ်” ဟု ၎င်းကဆိုသည်။  

နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုချထားသော်လည်း အခုကဲ့သို့ ခိုးဝင်မှုများရှိနေသည်မှာ မဖြစ်သင့်ကြောင်းနှင့် ထိုကိစ္စများကို ရပ်ရွာလူထုကတင်ပြခဲ့သော်လည်း သက်ဆိုင်ရာမှ အလေးမထားခဲ့ ကြောင်း  မောင်တောမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့်က ဆိုသည်။

“နယ်စပ်ခြံစည်းရိုးကာထားတယ်။ ခြံစည်းရိုးမှာရှိနေတဲ့ ချောင်းပေါက်တွေတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့၊ နယ်ခြား စောင့်တပ်ဖွဲ့တွေချထားတယ်။ အဲဒီချောင်းပေါက်တွေက တစ်မိုင်ခွဲလောက်ဘဲဝေးမယ်။ အဲဒီကြားထဲမှာ ခိုးဝင်ပါတယ်လို့ပြောရအောင် ဒါဘာလုပ်တာလဲ။ ဒါကောင်းကောင်းမွန်မွန် မစောင့်ရှောက်လို့ ခိုးဝင်လာတယ်လို့ ပြောရတာ” ဟု ဦးအောင်ကျော်ညွန့်က ဆိုသည်။

ဆက်လက်၍ ၎င်းက “လာဘ်ပေးလာဘ်ယူတွေများနေတယ်၊ နေရာမကျဘူး၊ အဲဒါတွေကို စောင့်ရှောက်ပေးပါ။ မြို့က၊ ရွာကလူတွေတင်ပြတယ်၊ ပြောတယ်၊ တာဝန်ရှိတဲ့လူတွေက ဂရုမစိုက်ဘူး။ နောက်ဆုံးကျတော့ ကျွန်တော်တို့မြို့လူတွေက ငါတို့မြို့ကိုဖျက်မလို့ များဘဲ စီမံကိန်းချပြီးလုပ်နေသလားဆိုတဲ့သံသယစိတ် တွေတောင်ဝင်လာတာမျိုးရှိတယ်” ဟု ဆိုသည်။

မောင်တောဒေသတွင် COVID-19 နှင့်ပတ်သက်၍ အသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း တရား မဝင် ဝင်ရောက်သူများနှင့် ကုန်သွယ်ရေးစခန်းများကိုဖွင့်ထားနေသရွှေ့ ကာကွယ်ရေးလုပ်ငန်းများ မအောင် မြင်နိုင်ကြောင်း  ဝေဖန်မှုများလည်းရှိနေသည်။

လက်ရှိတွင် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ကော့ပဇားဒုက္ခသည်စခန်းကို Lock Down ချထားရကာ အနီရောင်အဆင့်သတ်မှတ်ထားသည်။

မောင်တောဒေသအတွင်း ဇွန်လ ၁၁ ရက်နေ့အထိ ပိုးတွေ့လူနာ ၅ ဦးရှိလာပြီဖြစ်ကာ ဇွန်လ ၄ ရက်နေ့တွင် တစ်ဦး၊ ဇွန်လ ၈ ရက်နေ့တွင် တစ်ဦး၊ ဇွန်လ ၁၀ ရက်နေ့တွင် နှစ်ဦးနှင့် ဇွန်လ ၁၁ ရက်နေ့တွင်တစ်ဦး ပိုးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့နယ်မှ တစ်ဦးနှင့် တောင်ကုတ်မြို့နယ်မှ တစ်ဦးတို့တွင်လည်း ပိုးတွေ့ရှိထားသဖြင့် ရခိုင်ပြည်နယ်တွင် စုစုပေါင်းပိုးတွေ့လူနာ ၇ ဦးရှိနေပြီဖြစ်သည်။

ဗီဒီယိုများ