မောင်တောတွင် နယ်ခြားစောင့်အရာရှိတစ်ဦး ဆင်နင်းခံရမှုကြောင့် သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သုပဏ္ဏက ကျေးရွာအုပ်စု၊ ဘောင်းရွာမှ ပျောက်ဆုံးနေသည့် အမျိုးသမီး ၂ ဦးအား  တောနင်းရှာဖွေရာ ဝေလတောင်ကျေးရွာနှင့် လိုင်သိကျေးရွာအကြား တောအုပ်တွင် ဆင်နင်းခံရ၍ နယ်ခြားစောင့်အရာရှိတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

16 Mar 2020

ရဲအရာရှိအလောင်းကို သယ်ဆောင်လာသည့်ကားအား တွေ့ရစဉ်။

ချလူးအောင် |DMG
မတ် ၁၆ ၊ မောင်တော

 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သုပဏ္ဏက ကျေးရွာအုပ်စု၊ ဘောင်းရွာမှ ပျောက်ဆုံးနေသည့် အမျိုးသမီး ၂ ဦးအား  တောနင်းရှာဖွေရာ ဝေလတောင်ကျေးရွာနှင့် လိုင်သိကျေးရွာအကြား တောအုပ်တွင် ဆင်နင်းခံရ၍ နယ်ခြားစောင့်အရာရှိတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

မတ်လ ၁၄ ရက်နေ့က အမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲမှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံ (၆ ၀၀) ဦးခန့်က ရှာဖွေခဲ့ကြရာ နယ်မြေ (၁) အောင်သပြေစခန်းမှ ဒုရဲအုပ် ကျော်လှိုင်ဦး သေဆုံးသွားခြင်းဖြစ်သည်။

“သူက လူလိုက်ရှာရင်း အလေးသွားမယ်ဆိုပြီး တစ်ယောက်တည်းထွက်သွားရာက လူကွဲသွားတာလို့ သိရတယ်။ ပြန်ပြီး လိုက်ရှာတဲ့အခါ ဝေလာတောင်ကျေးရွာနဲ့ လိုင်သိကျေးရွာကြားမှာ ဆင်နင်းထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရတာ”ဟု အောင်သပြေစခန်းမှ အရာရှိတစ်ဦးက ပြောသည်။

မတ်လ ၁၃ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း၊ သုပဏ္ဏက ကျေးရွာအုပ်စု၊ ဘောင်းရွာမှ မြိုလူမျိုး အမျိုးသမီး ၃ ဦးမှာ ရွာအနီး တောင်ယာသို့ဟင်းသွားရှာစဉ် ပျောက်ဆုံးသွားသဖြင့် ရွာသူ၊ ရွာသားများ ရှာဖွေ ခဲ့ရာ ယင်းနေ့ညပိုင်းက အမျိုးသမီးတစ်ဦး၏ အလောင်းကိုရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် အခြားအမျိုးသမီးနှစ်ဦးကို ဒေသခံ များနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှာဖွေနေသော်လည်း မတွေ့ ရှိသေးပေ။

ဗီဒီယိုများ