မောင်တောမြောက်ပိုင်းတွင် ရေကြီးပြီး အိမ်ခြေ ၃၀၀ ကျော် ရေနစ်မြုပ်နေ၊ ရွာချင်းဆက်တံတား ၃ စင်း ရေစီးနှင့်မျောပါ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးရေလျှံ မှုကြောင့် ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၃၀၀ ကျော်မှာ ရေနစ်မြုပ်နေကြောင်းနှင့် ရွာချင်းဆက်တံတား ၃ စင်းမှာလည်း ရေထဲမျောပါသွားခဲကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

27 Jul 2021

DMG ၊ ဇူလိုင် ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးရေလျှံ မှုကြောင့် ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၃၀၀ ကျော်မှာ ရေနစ်မြုပ်နေကြောင်းနှင့် ရွာချင်းဆက်တံတား ၃ စင်းမှာလည်း ရေထဲမျောပါသွားခဲကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

ရေကြီးမှုကြောင့် သစ်တုံးနားခွဆုံ ၊ တမန်းသား၊ မီးတိုက်၊ သင်္ဘောလှနှင့် သာယာကုန်း ကျေးရာတို့မှ အိမ်ခြေ ၃၀၀ ကျော်ခန့်မှာ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

သစ်တုံးနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းချေက "နေအိမ်အားလုံးရေနစ်မြုပ်နေတယ်။ စားစရာဆန်တွေတောင် ရေထဲကဆယ်လို့မရလိုက်ကြဘူး။ စားဝတ်နေရေး အခက်အခဲဖြစ်မှာပါ။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးကိုတော့ အကြောင်းကြားထားတယ်။ ဘာမှအကြောင်းမပြန်သေးဘူး"ဟု ပြောသည်။

လက်ရှိတွင် နေအိမ်များရေနစ်မြုပ်မှုရှိနေသည့် မိသားစုဝင်များ အတွက် နေထိုင်ရေးနှင့် စားဝတ်နေရေးတို့အတွက် စိုးရိမ်မှုများလည်း ရှိနေကြသည်။

ထို့အပြင် ရေစီးကြမ်းမှုကြောင့် တမန်းသားတံတား၊ လက်ယာချောင်းတံတားနှင့် ဘောက်ရွာတံတားတို့မှာလည်း ရေစီးနှင့် မျောပါသွားကြောင်း တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က ပြောသည်။

"ဒီနေ့ ၁၂ နာရီကျော်မှာ တမန်းသားတံတားမျောပါသွားပြီး နောက်လက်ယာချောင်းတံတားနဲ့ ဘောက်ရွာတံတားလည်း မျှောပါသွားပြီ။ မိုးများတော့ ချောင်းတွေမှာရေပြည့်လာတယ်။ တောင်ကျရေနဲ့မြေပြင်ရေကျတာကြမ်းလာတော့ တံတားတွေရေထဲမျောပါသွားတာပါ" ဟု ၎င်းကဆိုသည်။

တမန်းသားတံတားမှာ တမန်းသားချောင်းအားဖြတ်ထိုးထားပြီး အလျား ၈၀ ပေ၊ အနံ ၃၀ ပေခန့်ရှိသော တံတားတစ်စင်းဖြစ်သည်။ အဆိုပါတံတားအားအသုံးပြုကာ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဆက်သွယ်သွားလာနိုင်ကြောင်းလည်း သိရသည်။

အလားတူ ရေစီးကြမ်း၍မျောပါသွားသည့် လက်ယာချောင်းတံတားနှင့် ဘောက်ရွာတံတားတို့မှာလည်း ပေ ၁၀၀ ကျော်ရှည်လျားသည့် တံတားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ခမောင်းဆိပ်နှင့် အောင်သပြေကို ပြေးဆွဲနေသည့် အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက "တံတားတွေပျက်စီးနေရင် ကျွန်တော်တို့ ဘယ်လိုမှသွားလိုမရတောဘူး။ ကားတွေအားလုံးသောင်တင်နေကြပြီ"ဟု ဆိုသည်။

အဆိုပါတံတား ၃ စင်း ရေစီးနှင့်မျောပါသွားသည့်အတွက် မောင်တောမြို့နယ်မြောက်ပိုင်းမှ သစ်တုံးနားခွဆုံ ၊ ခမောင်းဆိပ်၊ ကာလာဒေဘတ်၊ ရဲအောင်စံရပွေ၊ မင်းခမောက်၊ ကြောင်နဘေ၊ မင်္ဂလာညွှန့်၊ အောင်သပြေ၊ ဒုံးညို၊ ပျားရည်၊ ဗန္ဓုလ စသည့်ကျေးရွာများ သွားလာရေးအခက်အခဲဖြစ်ပေါ်လျက်ရှိနေသည်။

ဗီဒီယိုများ