မောင်တောတွင် ကိုးတန်းကျောင်းသူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

မောင်တောမြို့နယ်၊ (၅)မိုင်အနီးရှိ နေအိမ်တစ်အိမ်တွင် မတ်လ ၂၅ ရက်နေ့၊ ညနေ ၇ နာရီခွဲခန့်က မိသားစုဝင်များ ထမင်းစားနေကြစဉ် ကျည်ဆံများကျရောက်လာသောကြောင့် ကိုးတန်းကျောင်းသူတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဖခင်ဖြစ်သူက ပြောသည်။

26 Mar 2020

ဓာတ်ပုံ - Nwe Oo facebook

ချလူးအောင် | DMG
မတ် ၂၆ ၊ စစ်တွေ

မောင်တောမြို့နယ်၊ (၅)မိုင်အနီးရှိ နေအိမ်တစ်အိမ်တွင် မတ်လ ၂၅ ရက်နေ့၊ ညနေ ၇ နာရီခွဲခန့်က မိသားစုဝင်များ ထမင်းစားနေကြစဉ် ကျည်ဆံများကျရောက်လာသောကြောင့် ကိုးတန်းကျောင်းသူတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဖခင်ဖြစ်သူက ပြောသည်။

ဒဏ်ရာရရှိသူမှာ မစုပြည့်ပြည့်ကျော်( ၁၅ နှစ်)ဖြစ်ပြီး ညာဖက်ခြေဖဝါးကို ကျည်ဖောက်ဝင်သွားသောကြောင့် ယနေ့ မတ်လ ၂၆ ရက်နေ့နံနက်ပိုင်းတွင် မောင်တောဆေးရုံသို့ ပို့ဆောင်ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်။

ညနေ (၇)နာရီကစတင်ပြီး ထမင်းစားနေစဉ်အတွင်း သေနတ်သံများ စတင်ထွက်ပေါ်လာသည်။ ယင်းနောက်တွင် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ၎င်းတို့၏ အိမ်ထရံနှင့် တိုင်များကို ထိမှန်လာသည်။ ထိုစဉ် မစုပြည့်ပြည့်ကျော်မှာ အိမ်ပေါ်မှခုန်ဆင်းစဉ် ကျည်ထိမှန်သွားခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးမဲလုံးချေက ပြောသည်။

ယင်းပစ်ခတ်မှုမှာ မောင်တော-ဘူးသီးတောင် လမ်းတစ်လျှောက် လုံခြုံရေးယူထားသည့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဦးမဲလုံးချေက စွပ်စွဲပြောဆိုသည်။

“အဲဒီအချိန်မှာ သမီးလေးက အိမ်ပေါ်ကနေ ခုန်ဆင်းသွားတယ်။ အမေဖြစ်သူက လိုက်တားတယ်။ကျည်တွေက ဦးခေါင်းတွေအနားက သွားနေတယ်။ ကျွှန်တော်တို့လည်း အိမ်အောက်ဆင်းပြေးတဲ့အချိန်မှာ သမီးလေးခြေထောက်မှာ ကျည်ထိပြီး သွးတွေထွက်နေတာတွေ့ရတယ်။ သားလေးမှာထိလားကြည့်တော့ သားလေးမှာမထိဘူး။ ပစ်တာက တပ်မတော်ကပစ်တာ မယုံရင် ကျွန်တော်တို့အိမ်ကို လာရောက်စစ်ဆေးလို့ရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက် ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဒဏ်ရာရရှိသူ၏ မိသားစုသည် ပန်းခင်းများ၊ လယ်ယာများ စိုက်ပျိုးပြီး နှစ်ပေါင်း (၄၀)ကျော်ကြာ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေသူများဖြစ်သည်ဟု လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ပြောသည်။

ဗီဒီယိုများ