ဖမ်းဆီးခံရသည့် မောင်တောဒေသခံ ၄ ဦးနှင့် ၁၀ ရက်ကြာသော်လည်း တွေ့ခွင့်မရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို ဖမ်းဆီးခံရပြီး ရက်ပေါင်း ၁၀ ကျော်သည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များကပြောသည်။

02 Aug 2022

DMG ၊ သြဂုတ် ၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို ဖမ်းဆီးခံရပြီး ရက်ပေါင်း ၁၀ ကျော်သည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်၊ ကိုထွန်းချေ၊ ကိုထွန်းကြိုင်နှင့် သာယာကုန်း(တောင်ပြို)ကျေးရွာတာဝန်ခံ ဦးဘသိန်းတို့ဖြစ်ကြသည်။

၎င်းတို့ကို ဇူလိုင်လ ၁၉ ရက်နေ့က မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ ဦးဘုန်းကိုနိုင်၏ မိသားစုဝင်တစ်ဦးက “ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူး။ အခုဆိုရင် ဖမ်းဆီးထားတာ ၁၀ ရက်ကျော်သွားပြီ။ အဲဒီတပ်ရင်းက လူကြီးတွေကတော့ စိုးရိမ်စရာမလိုဘူး။ အပြစ်မရှိရင် ပြန်လွတ်လာလိမ့်မယ်လို့တော့ ပြောတယ်။ အခုလောလောဆယ်တော့ သူတို့က ကြိမ်ချောင်းနယ်ခြားစောင့်ရဲတပ်ရင်းမှာ ရှိသေးတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးမှုရှိခဲ့ပြီး ၁၄ ဦးဖမ်းဆီးရမိခဲ့ကြောင်း AA မှ ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က အကျအဆုံးများခဲ့သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများကို သံသယထားကာ ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ရွာသားများကဆိုသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာအုပ်စု၊ သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးဘသိန်းမှာလည်း ဇူလိုင်လ ၁၉ ရက်နေ့က သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၂)သို့ အစည်းအဝေးသွားတက်ရာတွင် နေအိမ်သို့ပြန်မရောက်လာတော့ဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၂) သို့ မိသားစုဝင်များက ၃ ကြိမ်တိုင်သွားရောက်ပြီး တွေ့ခွင့်တောင်းခဲ့သော်လည်း ယနေ့အထိ တွေ့ခွင့်မရသည့်အတွက် စိုးရိမ်မှုရှိကြောင်း အစ်မဖြစ်သူ ဒေါ်မစိန်မြက DMG သို့ပြောသည်။

“ကျွန်မတို့ မနေ့ကလည်း သွားကြည့်တယ်။ တွေ့ခွင့်မပေးဘူး၊ အဲဒီဂိတ်ကို ပိတ်ထားတယ်။ နောက်ပြီးတော့ ဒီမှာမရှိဘူးလိုပြောတယ်။ သွားတွေ့တာ ၃ ကြိမ်ကျပြီ၊ တစ်ကြိမ်မှ တွေ့ခွင့်မပေးဘူး။ မိသားစုတွေ့အနေနဲ့ စိုးရိမ်မှုရှိတာပေါ့၊ ကျွန်မမောင်နဲ့ တွေ့ခွင့်ရချင်တယ်။ အခုက ဘယ်လိုနေလို့၊ ဘယ်လိုစားရဆိုတာလဲမသိဘူး။ သူ့မှာ ဘာမှအပြစ်မရှိဘူး၊ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို ကြိမ်ချောင်းကျေးရွာမြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇)တွင် ထိန်းသိမ်းထားသည်ကိုသာသိရကြောင်းလည်း ကိုထွန်းချေ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“မိသားစုနဲ့ လုံးဝတွေ့ခွင့်မပေးဘူး။ မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ သူတို့ကို ဘယ်လိုမျိုးနှိပ်စက်လို့ရှိမယ်ဆိုတာတွေကိုလည်း မသိရဘူး။ ကျွန်တော်တို့က သွားတွေ့ဖို့တောင်းတော့ လုံးဝတွေ့ခွင့်မပေးဘူး။ ဘာတစ်ခုမှလည်း မသိဘူး။ သူ့မှာ ဘာမှ အပြစ်လုပ်ထားတာမရှိတဲ့အတွက် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မောင်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည့်အပေါ် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများမှ စိုးရိမ်မှုရှိနေကြသည်။

ဗီဒီယိုများ