မောင်တောတွင် ကလေးမွေးဖွားစဉ် ကိုဗစ်ဖြင့်သေဆုံးခဲ့သူမှ မွေးဖွားခဲ့သောကလေးငယ် ကျန်းမာရေးကောင်းမွန်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကလေးမွေးဖွားပြီးနောက် ကိုဗစ်ဖြင့်သေဆုံးခဲ့သည့် အမျိုးသမီးမှမွေးဖွားခဲ့သော မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

30 Jul 2021

DMG ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကလေးမွေးဖွားပြီးနောက် ကိုဗစ်ဖြင့်သေဆုံးခဲ့သည့် အမျိုးသမီးမှမွေးဖွားခဲ့သော မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

"ကလေးက ကျန်းကျန်းမာမာပါ။ သူ့အဖေကို မနက်ဖြန် နောက်တစ်ကြိမ် ကိုဗစ်စစ်ပြီးရင် ဆေးရုံကဆင်းခွင့်ပြုသွားမှာဖြစ်တယ်။ သူ့မှာ ပထမအကြိမ်စစ်ဆေးတာ ကိုဗစ်ပိုးတော့မတွေ့ရပါဘူး" ဟု မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာနုကေသီစံက DMG ကိုပြောသည်။

သေဆုံးသွားသည့်အမျိူးသမီးမှာ မောင်တောမြို့နယ် သီဟိုလ်အေးကျေးရွာမှ အသက် ၁၉ နှစ်အရွယ်ရှိသူဖြစ်ပြီး ဇူလိုင် ၂၇ ရက်နေ့ ညတွင် ကလေးမမွေးဖွားနိုင်၍ မောင်တောဆေးရုံသို့ တက်ရောက်မွေးဖွားရာတွင် ယင်းသို့သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သီဟိုလ်အေးကျေးရွာ တာဝန်ခံ ဦးနီအောင်ကပြောဆိုသည်။

၎င်းမှာ မောင်တောဆေးရုံသို့တက်ရောက်စဉ် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် ညသန်းခေါင်အချိန်၌ ကလေးအားခွဲစိတ်မွေးဖွားခဲ့ရကာ မိခင်ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း ခရိုင်ကျန်းမာရေးဌာနမှ သိရသည်။

မောင်တောကရုဏာကွန်ယက် ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က "ကျွန်တော်တို့ကို ညအချိန်မှာကလေးမမွေးနိုင်ဆိုပြီး အကြောင်းကြားလာတယ်။ ကျွန်တော်တို့ရောက်သွားတော့ ကလေးမွေးဖွားမယ့်သူက အသပ်ရှူကျပ်နေတာတွေ့လို့ ကျွန်တော်တို့သံသယဖြစ်တယ်။ ချက်ချင်းခွဲစိတ်မွေးဖွားဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်။ မဟုတ်ရင် ကလေးရော အမေပါသေဆုံးကြမှာပါ" ဟု ဆိုသည်။

ကိုဗစ်ဖြင့်သေဆုံးခဲ့သည့် အမျိုးသမီးမှမွေးဖွားခဲ့သော ကလေးငယ်မှာ ယောကျ်ားလေးဖြစ်ပြီး လက်ရှိမှာ ကလေး၏ကျန်းမာရေး ကောင်းမွန်သဖြင့် ဇူလိုင် ၃၁ ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ရရှိမည်ဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

"ကလေးကိုတော့ ကျွန်တော်တို့ အဘိုးအဖွားတွေမွေးစားမှာပါ။ဒါပေမယ့် ကျွန်တော်တို့ကလည်း လက်လုပ်လက်စားတွေဖြစ်တဲ့အတွက် နို့စိုအရွယ်ကလေးတစ်ယောက် အသက်ရှင်ရပ်တည်ဖို့နဲ့ ဘဝနောင်ရေးအတွက်ကတော့ အကူအညီတွေလိုအပ်မှာဖြစ်ပါတယ်" ဟု ကလေး၏အဖိုးဖြစ်သူ ဦးကောင်းယိုင်က ပြောသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင် ၂၉ ရက်နေ့အထိစာရင်းအရ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာစူစုပေါင်း ၂၆၂၂ ဦးရှိပြီး ယင်းတို့အနက် သေဆုံးသူ ၁၆၂ ဦးရှိကြောင်း သိရသည်။

ဗီဒီယိုများ