မောင်တောနှင့် ပလက်ဝတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ယနေ့ သြဂုတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

22 Aug 2022

Photo - AA Info Desk

DMG ၊ သြဂုတ် ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ယနေ့ သြဂုတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့နံနက် ၄ နာရီခန့်က ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီး တောင်တန်းတွင် လက်နက်ကြီးပေါက်ကွဲသံများနှင့် အတူ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်ကာ ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ပလက်ဝဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“မနက် ၄ နာရီကျော်ကနေ တိုက်ပွဲစဖြစ်နေတာပါ။ လက်နက်ကြီးရော လက်နက်ငယ်ပစ်သံရော အကုန်ကြားရပါတယ်။ အခု ချိန်ထိ ကြားနေရ သေးတယ်။ လက်နက်သံတွေ ကြားရသလောက်တော့ နှစ်ဖက်တိုက်ပွဲဖြစ်နေတာပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ယင်းတိုက်ပွဲဖြစ်ပွားနေရာသို့ ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း နောက်ထပ်ပလက်မြို့ခံတစ်ဦး ဆိုသည်။

“လက်နက်ကြီးပစ်သံ အချက် ၂၀ ကျော်ပြီ။ လက်နက်ငယ်ပစ်သံတွေရော ကြားရပါတယ်။ ၂၈၉ တပ်ရင်းကနေ တိုက်ပွဲဖြစ်နေတာကို လှမ်းပစ်ပေးနေတာပါ။ မနက် ၄ နာရီကျော်ကနေ တိုက်ပွဲဖြစ်နေတာ အခုအချိန်ထိကြားနေရပါတယ်”ဟု ၎င်းကပြောသည်။

အလားတူ ယနေ့နံနက် ၅ နာရီခန့်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာမြောက်ဘက် ၃ မိုင်ကျော်အကွာ မိုင်တိုင်အမှတ် ၃၉ အနီးတွင် မြန်မာစစ်တပ်၊ နယ်ခြားစောင့်အဖွဲ့နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားနေရကြောင်း မီးတိုက်ကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

“တိုက်ပွဲဖြစ်တာက ဒီနေ့နံနက်ကတည်းက ကျွန်တော်တို့ရွာရဲ့မြောက်ဘက်က ၃ မိုင်ကျော်အကွာလောက်မှာဖြစ်တာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်တယ်။ ဖြစ်တာကတော့ ၁ နာရီေ ကျာ်လောက် ဖြစ်ခဲ့တယ်။ အခုကတော့ ရပ်တန့်နေတယ်။ ရွာသားတွေကတော့ ကြောက်လန့်နေကြတာပေါ့”ဟု ၎င်းကပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာမှာ နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၃၉ အနီးပတ်ဝန်းကျင်ဖြစ်ပြီး အဆိုပါနေရာတို့တွင် မီးတိုက်ကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ မင်းခမောင်း၊ မင်္ဂလာညွန့်ကျေးရွာ၊ တမန်းသားကျေးရွာတို့ရှိပြီး မီးတိုက်ကျေးရွာနှင့်အနီးဆုံးဖြစ်ကြောင်းလည်း သိရသည်။

“အဲဒီနားမှာ တိုက်ပွဲဖြစ်တာကတော့ ၄ ရက်လောက်တော့ရှိပြီ။ ရက်အတိအကျကိုတော့ ကျနော်တို့လည်း မမှတ်မိတော့ဘူး။ တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ အကျအဆုံးကို ကျနော်တို့လည်း သွားမကြည့်ရဲလို့ မသိဘူး”ဟု မီးတိုက်ကျေးရွာမှ နောက်ထပ်ကျေးရွာသားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်နှင့် ရသေ့တောင်-မောင်တောနယ်စပ် ချိန်ခါလီကျေးရွာအနီးတို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သေးသည်။

ယင်းတိုက်ပွဲများကြောင့် မြန်မာစစ်တပ်က အငူမော်-မောင်တောကားလမ်းနှင့် မောင်တောမြောက်ပိုင်း မောင်တော-ကြိမ်ချောင်း စသည့် ဆက်သွယ်ရေးကားလမ်းများကို ပိတ်ထားသည့်အတွက် ဒေသခံများမှာ စားနပ်ရိက္ခာပြတ်တောက်မှုရှိကာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG ဆက်သွယ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိ ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာမှုများရှိနေပြီး ယခုရက်ပိုင်းအတွင်း နေစဉ်နေ့တိုင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

ဗီဒီယိုများ