မောင်တောတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်အချို့ရေနစ်ပျက်စီး

“မိုးကအလွန်ကြီးလာတယ်၊ တောင်ကျရေကလည်းများတယ်။ ဒီဘက်က ချောင်းရေကလည်း ဒီရေတက်ချိန်ဆိုတော့ ရွာအရှေ့ဖက် နေအိမ် ၁၂ အိမ်လောက်ရေနှစ်မြုပ်ခဲ့ပါတယ် လူနေထိုင်လို့ လုံးဝမရတော့ပါဘူး။ လူတွေကို ဘေးလွတ်ရာကိုရွေ့ပြောင်းပြီး ပစ္စည်တွေကိုပါ ရွေ့ပြောင်းနေရပါတယ်"

By ဝံသ (မောင်တော) 12 Sep 2019

ဝံသ(မောင်တော)| DMG

စက်တင်ဘာ ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့က မိုးအဆက်အပြတ်ရွာသွန်း မှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့လည်း ရေ နစ်မြုပ်ပျက်စီးသွားခဲ့ကြောင်း မောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံးက သတင်းထုတ်ပြန်ထားသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မောင်တောမြို့ပေါ်ရှိ ဗိုလ်မှူးရွာ၊ ဝိမလ၊ ရွာသစ်ကေ၊ အောင်မြေဗောဓိနှင့် ဝေသာလီကျေးရွာ၊ ကံပြင်သာစည်ကျေးရွာ၊ ရွာသာယာကျေးရွာ၊ သီဟိုဠ်အေး(ယာယီ)ကျေးရွာတို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး နေအိမ်အချို့ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုသို့ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် သီဟိုဠ်အေး(ယာယီ)ကျေးရွာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအဖွဲ့ဝင် များသွားရောက်ကြည့်ရှုခဲ့ရာ ရေနစ်မြုပ်ခဲ့သည့် နေအိမ် ၂၄ လုံးနှင့် ပျက်စီးခဲ့သည့် နေအိမ် ၄ လုံးဖြစ်ကြောင်း၊ နေအိမ်ပျက်စီးသွားသည့် မိသားစုဝင်များမှာ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခိုလှုံနေကြရကြောင်း သိရသည်။

သီဟိုဠ်အးကျေးရွာမှ တာဝန်ရှိသူ ဦးနေအောင်က “မနေ့က ရေက ၄ ပေလောက်အထိမြင့်တက်ခဲ့ပါတယ်။ လူနေအိမ် ၂၄ အိမ်ရေနစ်မြုပ်ခဲ့တယ်။ နောက်အိမ်တွေကလည်းမခိုင်တော အမိုးအကာအရေးပေါ်လိုအပ်နေပါတယ်” ဟု ဆိုသည်။

ထို့ပြင် ဝေသာလီကျေးရွာတွင်လည်း တောင်ကျရေများမှုကြောင့် နေအိမ် ၁၂ လုံးရေနစ်မြုပ်မှုခဲ့ကာ ကျေးရွာသားများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း ဝေသာလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်ထွန်းကဆိုသည်။

“မိုးကအလွန်ကြီးလာတယ်၊ တောင်ကျရေကလည်းများတယ်။ ဒီဘက်က ချောင်းရေကလည်း ဒီရေတက်ချိန်ဆိုတော့ ရွာအရှေ့ဖက် နေအိမ် ၁၂ အိမ်လောက်ရေနှစ်မြုပ်ခဲ့ပါတယ် လူနေထိုင်လို့ လုံးဝမရတော့ပါဘူး။ လူတွေကို ဘေးလွတ်ရာကိုရွေ့ပြောင်းပြီး ပစ္စည်တွေကိုပါ ရွေ့ပြောင်းနေရပါတယ်"လို့ပြောကြားသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မောင်တောမြို့နယ်အတွင်းမှ သီဟိုလ်အေးကျေးရွာတွင် နေအိမ် ၂၄ လုံး၊ ရွာသာယာကျေးရွာတွင် နေအိမ် ၅ လုံး၊ ကံပြင်သာစည်ကျေးရွာတွင် နေအိမ် ၅ လုံးနှင့် ဝေသာလီကျေးရွာတွင် နေအိမ် ၁၂ လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ