ရခိုင်နှင့်ချင်း အသိုင်းအဝိုင်းနှစ်ခုကြား ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်စေလိုကြောင်းပြော

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သည် နယ်နိမိတ်ချင်းထိစပ်နေသည့်ပြည်နယ်နှစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးအရ အပြန်အလှန်အရေးပါသော ဒေသနှစ်ခုဖြစ်သဖြင့် ရခိုင်နှင့်ချင်း အသိုင်းအဝိုင်းနှစ်ခုကြားတွင် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်စေလိုကြောင်း ချင်းလူမျိုးများကပြောဆိုကြသည်။

28 Apr 2022

AA ထံ စစ်ပညာသင်ယူ၍ မိခင်တပ်သို့ပြန်လာသည့် CDF-Mindat တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

DMG ၊ ဧပြီ ၂၈

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သည် နယ်နိမိတ်ချင်းထိစပ်နေသည့်ပြည်နယ်နှစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးအရ အပြန်အလှန်အရေးပါသော ဒေသနှစ်ခုဖြစ်သဖြင့် ရခိုင်နှင့်ချင်း အသိုင်းအဝိုင်းနှစ်ခုကြားတွင် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်စေလိုကြောင်း ချင်းလူမျိုးများကပြောဆိုကြသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)မှ တပ်ဖွဲ့ဝင်အချို့ ရက္ခိုင့်တပ်တော်(AA)ထံသို့ သွားရောက်စစ်ပညာသင်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာအတွင်း မိခင်တပ်ရင်းသို့ပြန်လာကြသည့် ရုပ်သံဗွီဒီယိုဖိုင်တစ်ခုကို ဧပြီလ ၂၆ ရက်နေ့တွင် Chinland Defence Force–Mindat မှ ထုတ်ပြန်ဖော်ပြခဲ့သည်။

CDF မင်းတပ်မှ ရဲဘော်အယောက် ၃၀ ကို ရက္ခိုင့်တပ်တော်မှ စစ်ပညာသင်ကြားခဲ့သည့်အပြင် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးလိုက်ကြောင်းနှင့် နောက်ဆုံးအသုတ်အနေဖြင့် ရဲဘော် ၁၅ ဦး ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။

ရက္ခိုင့်တပ်တော်(AA)မှ မင်းတပ်ဒေသကာကွယ်ရေးတပ်(CDF)အဖွဲ့ကို သင်တန်းပေးခြင်းသည် ကောင်းမွန်သော လုပ်ရပ်တစ်ခုဖြစ်သည်ဟု ချင်းသမိုင်းသုတေသီ ဆလိုင်းနော်စောကရှုမြင်သည်။

“ချင်းနဲ့ရခိုင်ကကျတော့ ခေတ်ဆက်ဆက် နိုင်ငံရေးနယ်ပယ်ထဲမှာ အတူတူလက်တွဲခဲ့တဲ့ သမိုင်းကြောင်းတွေကို တွေ့ရတယ်။ ဒီဟာက တချိန်က အေအေကပလက်ဝမြို့နယ်တွေမှာ စစ်ရေးအရလှုပ်ရှားမှုတွေရှိခဲ့တယ်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ပုံစံတစ်မျိုးပေါ့လေ။ ဒါပေမယ့် အခုချိန်မှာကျတော့ မင်းတပ် CDF အဖွဲ့တွေကို သင်တန်းတွေပို့ချပေးတယ်။ သတင်းကြားရတော့ ကျနော်တို့ဘာပဲပြောပြော ကောင်းတယ်လို့သုံးသပ်မိတယ်”ဟု ဆလိုင်းနော်စောကဆိုသည်။

ရခိုင်နှင့်ချင်းသည် ဆက်ဆံရေးပိုင်းတွင် မဖြစ်မနေရင်းနှီးရမည်အုပ်စုနှစ်ခုဖြစ်ပြီး ရခိုင်ပြည်အတွင်းမှာလည်း ချင်းမျိုးနွယ်စုများ ကနဦးကတည်းကနေထိုင်လာကြသဖြင့် လူမျိုးရေးအရရော၊ နယ်မြေအရပါ ချိတ်ဆက်ထိစပ်မှုရှိသည့်အတွက် ပိုမိုနွေးထွေးရင်းနှီးနေထိုင်ရန်လိုအပ်သည်ဟု ဆလိုင်းနော်စောကပြောသည်။

AA အနေဖြင့် မင်းတပ် CDF ကို စစ်ရေးအရကူညီပေးမှုအပေါ် အကောင်းဖက်မှရှုမြင်ကြပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်နေကြသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှ စစ်ရေးအရအပြန်အလှန်ကူညီပေးခဲ့မှုမှာ အထူးအဆန်းမဟုတ်ဟု ရခိုင်ပြည်မှ ချင်းလူငယ်တစ်ဦးဖြစ်သူ ဆလိုင်းပိုင်ဆွန်ကပြောသည်။

“AA ကို ထူထောင်စချိန်တုန်းကလည်း သူ့ထက်ပိုစီနီယာကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကူညီပေးခဲ့တဲ့သာဓကရှိခဲ့တယ်။ ဘုံရည်မှန်းချက်တူတဲ့သူတွေကို ကူညီပေးတာက ရန်သူကို အရှိက်ထိစေတယ်”ဟု ဆလိုင်းပိုင်ဆွန်ကဆိုသည်။

ပြီးခဲ့သည့်နှစ်နှစ်ကျော်ကာလက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခအတွင်း ချင်းပြည်နယ်၊ ပလက်ဝဒေသ၌ AA က စစ်ရေးအရလှုပ်ရှားမှုများရှိခဲ့သည်။ ထိုတိုက်ပွဲကာလအတွင်း ဒေသခံပြည်သူ တစ်သောင်းကျော်ခန့် ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရကာ ယနေ့တိုင် နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခသည်အဖြင့်နှင့်ရှိနေကြသည်။

ထိုအခြင်းအရာများနှင့်ပတ်သက်၍ ရခိုင်နှင့်ချင်းအသိုင်းအဝိုင်းနှစ်ခုကြားတွင် သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“ဒီကိစ္စကို မီးခဲပြာဖုံထားလို့မရဘူး။ ယုံကြည်မှုတွေတည်ဆောက်ပြီး ဒီကိစ္စကို နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ လူထုဗဟိုပြုစဉ်းစားပြီး အမျှော်အမြင်ကြီးကြီးနဲ့ နိုင်ငံရေးစကားဝိုင်းကနေတစ်ဆင့် အဖြေရှာသင့်တယ်လို့ မြင်တယ်။ ချင်းနဲရခိုင်က အိမ်နီးချင်းတွေဖြစ်ကြလို့ ပထဝီနိုင်ငံ‌ရေးအရ အပြန်အလှန်အရေးပါကြတယ်။ ဒီအသိုင်းအဝိုင်းနှစ်ခုကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်စေချင်တယ်”ဟု ဆလိုင်းပိုင်ဆွန်က ပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA)အပေါ် နားလည်မှုလွဲနေသည့် ချင်းလူမျိုးအချို့ကြောင့် ချင်းဒေသကာကွယ်ရေးတပ် (CDF)မင်းတပ်ကို AA မှ စစ်ပညာသင်ပေးကာ လက်နက်ခဲယမ်းများထောက်ပံ့ပေးမှုရှိသည့်အကြောင်းကို ရုပ်သံဗွီဒီယိုဖိုင်ဖြင့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု CDF(Mindat)မှ တာဝန်ရှိသူတစ်ဦးက Chin World သတင်းဌာနတွင် ဖြေကြားထားသည်။

AA နှင့်ချင်းလူမျိုးများကြား ရန်တိုက်ပေးနေကြသလို Social Media ပေါ်တွင်လည်း အချို့ချင်းများက AA နှင့်ပတ်သက်၍ အရေးတယူသတိထားမှုမျိုး ဖြစ်နေသည်ကိုမြင်တွေ့လာရသည့်အတွက် အရိပ်အမွတ်ပြရုံ ထိုသို့ထုတ်ပြန်ခြင်းဟု CDF(Mindat)မှ တာဝန်ရှိသူမှ ပြောဆိုထားသည်။

AA မှ ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်အဖွဲ့ဝင်များအား စစ်ရေးအရကူညီပေးခြင်းသည် ဘုံရန်သူကျရှုံးရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်သည်။

“တော်လှန်ရေးလုပ်ပြီဆိုရင် မဟာမိတ်တွေရှိမယ်။ နောက်ပြီး ဘုံရန်သူကိုတိုက်မယ်ဆိုရင် လိုအပ်ရင်လိုအပ်သလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အားလုံးပါဝင်မယ်ဆိုတဲ့ မူရှိမယ်လို့ထင်တယ်။ ဒါကြောင့် ရန်သူကိုတိုက်ခိုက်ဖို့အတွက် အင်အားဖွဲ့စည်းပြီးတော့ အားလုံးဝိုင်းပြီးတိုက်ဖို့လုပ်နေတယ်လို့ပြောလို့ရတယ်”ဟု ဦးအောင်သောင်းရွှေက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)အနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ခြင်းမရှိသော်လည်း ဒေသကာကွယ်ရေးတပ်ကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့အစည်း အချို့ကို စစ်ရေးအရကူညီပေးမှုများရှိနေသည်။

ဗီဒီယိုများ