မောင်တောတွင် ကျောင်းဆရာတစ်ဦးနှင့် ရွာသားတစ်ဦး ဖမ်းဆီးခံထားရ

မောင်တောမြို့နယ်တောင်ပိုင်း ငွေတောင်ကျေးရွာတွင် နေထိုင်သူတစ်ဦးနှင့် ၄ မိုင်ရပ်ကွက်နေထိုင်သည့် ကျောင်းဆရာတစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ထံက သိရသည်။

06 Apr 2020

ချလူးအောင် | DMG
ဧပြီ ၆ ၊ မောင်တော

မောင်တောမြို့နယ်တောင်ပိုင်း ငွေတောင်ကျေးရွာတွင် နေထိုင်သူတစ်ဦးနှင့် ၄ မိုင်ရပ်ကွက်နေထိုင်သည့် ကျောင်းဆရာတစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ထံက သိရသည်။

ငွေတောင်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးအောင်လှသိန်းကို ဧပြီလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် တွင် ပြင်ဖြူနယ်မြေ(၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

“ဒီနေ့ ငွေတောင်ကျေးရွာက သူ့ရဲ့မိသားစုဝင်တွေကို သွားတွေ့တဲ့အခါ အခုထိ ပြန်မလွတ်သေးတဲ့အတွက် စိုးရိမ်နေကြတယ်။ ပြင်ဖြူစခန်းကို ဖုန်းဆက်မေးတော့လည်း ဖုန်းမကိုင်ဘူး” ဟု ဦးမောင်အုန်းက ဆိုသည်။

မတ်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့ ၄ မိုင်ရပ်ကွက်တွင်နေထိုင်သည့် ကျောင်းဆရာ ဦးကျော်လင်းထွန်းကို ပြင်ဖြူနယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကျောင်းဆရာ ဦးကျော်လင်းထွန်းအား အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု အကြောင်းကြားလာကြောင်း မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

ယခု ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ဖမ်းဆီးထားသူ ၂ ဦး ရှိတယ်လို့ သိရတယ်။ မိုင်းနဲ့ဖမ်းမိထားသူကို စစ်ဆေးထွက်ဆိုချက်တွေအရ ဖမ်းဆီးတယ်လို့သိရတယ်။ အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်မှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ ညနေ ၇ နာရီခွဲအချိန်ခန့်က ဘူးသီးတောင် - မောင်တော သွားလမ်းတွင် မိုင်းထောင်နေသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ