မောင်တောတွင် သစ်တန်ချိန်အမြောက်အများ ဖမ်းမိ

တရားမဝင်သစ်တန်ချိန် အမြောက်အများ တင်ဆောင်လာသည့် ရေယာဉ်နှစ်စီးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

21 May 2020

တရားမဝင်သစ် တန်ချိန်အမြောက်အများ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးကို တွေ့ရစဉ်။

ချလူးအောင် | DMG
မေလ ၂၁၊ မောင်တော

တရားမဝင်သစ်တန်ချိန် အမြောက်အများ တင်ဆောင်လာသည့် ရေယာဉ်နှစ်စီးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က နတ်မြစ်ဝတွင် အဆိုပါရေယာဉ်နှစ်စီးကို လူ ၁၁ ဦးနှင့်အတူ အမှတ်(၁) နယ်ခြားစောင့်ဝင်/ထွက်စခန်း မောင်တောအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့်သစ်များမှာ တန်ချိန် ၁၃၀ ထက်များနိုင်ကြောင်း မောင်တောမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က DMG သို့ ပြောသည်။

“သစ်တန်ချိန်က ခန့်မှန်းခြေတန်ချိန် ၁၃၀ ဆိုပြီး အထက်ကိုတင်ပြထားတယ်။ အခု သင်္ဘောနဲ့ မော်တော်ဘုတ်ကတင်ပြီး တန်ချိန်တိုင်းတာနေတယ်။ ၁၃၀ ထက်များနိုင်တယ်။ အတိအကျကတော့ အားလုံးတွက်ပြီးမှ ပြောနိုင်မှာဖြစ်တယ်။ အခုတော့ သစ်တွေကို မြို့နယ်သစ်တောရုံးကို ရွှေ့ပြောင်းနေတယ်။ ရက်၂၀ လောက် ကြာနိုင်တယ်” ဟု ဦးမိုးမြင့်ဇော်က ဆိုသည်။

အဆိုပါ ရေယာဉ်နှစ်စီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သစ်များတင်ပို့ရန် တောင်ကုတ်မှ ထွက်ခွာလာကြခြင်းဖြစ်သည်ဟု ကနဦး သတင်းရရှိထားကြောင်းလည်း မောင်တောမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ရေယာဉ်အကြီးပေါ်တွင်တွေ့ရှိသူ ၆ ဦးကို သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့်လည်းကောင်း၊ ရေယာဉ်ငယ်ပေါ်တွင် ကျွန်းသစ်များတွေ့ရှိသည့်အတွက် ၎င်းရေယာဉ်ပေါ်လိုက်ပါလာသူ ၅ ဦးကို သစ်တောဥပဒေပုဒ်မ ၄၂(က) ၊ ၄၃(က)ဖြင့်လည်းကောင်း ပြင်ဖြူနယ်မြေရဲစခန်းတွင် မေလ ၁၉ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် ရေယာဉ်နှစ်စီးအား ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းတွင် ရပ်တန့်ထားရှိကာ သစ်တန်ချိန်များကို တိုင်းတာ၍ မောင်တောမြို့နယ် သစ်တောရုံးသို့ ပို့ဆောင်လျက်ရှိသည်။

ဗီဒီယိုများ