မောင်တောမြို့နယ်မှာ မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၁၄၀) ခန့်ဆုံးရှုံးပြီး နေအိမ် (၃)အိမ်မီးလောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့ မတ်လ ၃၁ ရက်နေ့က မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားမှုကြောင့် ဈေးဆိုင်ခန်း (၁၄၀)ကျော်နှင့် နေအိမ်(၃)ဆောင် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။ 

By ချလူးအောင် 31 Mar 2020

ချလူးအောင် | DMG
မတ်လ ၃၁၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့ မတ်လ ၃၁ ရက်နေ့က မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားမှုကြောင့် ဈေးဆိုင်ခန်း (၁၄၀)ကျော်နှင့် နေအိမ်(၃)ဆောင် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ ညနေ (၃)နာရီခန့်က ငါးခူရမြို့သစ်ကျေးရွာဈေး မီးလောင်မှုကြောင့် ဆိုင်ခန်း (၁၄၀)ခန့် မီးလောင်ကျွမ်းခဲ့ပြီး ညနေ (၄)နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ ဈေးဆိုင်ခန်းများမှာ သွပ်မိုး၊ ပျဉ်ကာ၊ ဝါးထရံကာများ ဖြစ်သည်။

“တစ်ဈေးလုံးနီးပါးလောင်သွားတယ်။ ဆိုင်ခန်း ၁၄၀ လောက်ရှိမယ်။ ဖွင့်တဲ့ဆိုင်က (၃၀)လောက်ရှိမယ်။ ကျန်ဆိုင်တွေကတော့ ၂၀၁၇ ခုအကြမ်းဖက်မှုဖြစ်စဉ်မှာ နေရပ်စွန့်ခွာသွားသူတွေရဲ့ ဆိုင်တွေဖြစ်တယ်။ ပိတ်ထားတဲ့ဆိုင်တွေများတယ်။ ဆိုင်ခန်းတွေထဲမှာလည်း ပစ္စည်းတွေမရှိကြဘူး” ဟု ကျေးရွာတာဝန်ခံ ကိုဘတင်က ပြောသည်။

နေ့လယ် ၂ နာရီတွင်လည်း ငါးစကြူးကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် (၃)အိမ် မီးလောင်ပျက်စီးသွား သည်။

“မီးက တစ်ရက်တည်း နာရီပိုင်းအကွာလောက်မှာ ၂ နေရာ မီးလောင်မှုဖြစ်တယ်။ နေ့လယ် ၂ နာရီလောက်မှာ ငါးစကြူးကျေးရွာမှာ မီးလောင်တယ်။ အဲဒါကို ငါးခူရပြန်လည်လက်ခံရေးစခန်းမှာရှိတဲ့ မီးသတ်ကားက မီးသတ်ဖို့လာတဲ့အချိန် ငါးခူရဈေးကမီးလောင်တယ်။ မောင်တောမြို့ကလည်း မီးသတ်ကားတစ်စီးလိုက်သွားတယ်လို့ သိရတယ်” ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန်က ပြောသည်။

ဗီဒီယိုများ