စစ်တွေရှိ အမှိုက်ပုံတချို့တွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ စွန့်ပစ်ထား

စစ်တွေမြို့၊ ရပ်ကွက်တချို့ရှိ အမှိုက်ပုံများတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများစွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြောသည်။

23 Mar 2022

Photo - U Than Tun facebook

DMG ၊ မတ် ၂၃

စစ်တွေမြို့၊ ရပ်ကွက်တချို့ရှိ အမှိုက်ပုံများတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများစွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြောသည်။

ရူပမြောက်ရပ်ကွက်ရှိ အမှိုက်ပုံတစ်ခုတွင် ခွဲစိတ်ခန်းသုံးပစ္စည်းများဖြစ်သော Level-2 ဝတ်စုံများ၊ လက်အိတ်များ၊ ဆေးထိုးအပ်များနှင့် ဆေးထိုးပြွန်များစွန့်ပစ်ထားသည်ကိုတွေ့ရှိရသည်ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများကို အများပြည်သူစွန့်ပစ်သော အမှိုက်ပုံများတွင် တာဝန်မဲ့မစွန့်ပစ်သင့်ကြောင်း၊ ထိုသို့စွန့်ပစ်ထားလျှင် အမှိုက်လာသိမ်းသော စည်ပင်ဝန်ထမ်းများနှင့် စွန့်ပစ်ပစ္စည်းများလာကောက်သည့် ဒေသခံများအတွက် အန္တရာယ်ရှိနိုင်သည်ဟု ဦးသန်းထွန်းကပြောသည်။

“စည်ပင်ဘက်ကအားနည်းချက်ရှိသလို လူတွေဘက်ကလည်းကိုယ့်အိမ်ကထွက်တဲ့အမှိုက်တွေကို စနစ်တကျပစ်ဖို့လိုအပ်တယ်။ အခုလိုအန္တရာယ်ရှိတဲ့ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ၊ စက်ရုံ ၊ အလုပ်ရုံကပစ္စည်းတွေ၊ စီးပွားရေးလုပ်ငန်းက အမှိုက်တွေကိုတော့ အများပြည်သူသုံးအမှိုက်ပုံတွေမှာ ပစ်ဖို့မသင့်ဘူး။ သူတို့အတွက် သီးခြားတစ်ခုတော့စီစဉ်ပေးရမယ်။ မပေးနိုင်သေးတဲ့အချိန်မှာ အခုလိုတာဝန်မဲ့ပစ်တာတော့ မသင့်လျော်ဘူး”ဟု ၎င်းကဆိုသည်။  

ဆေးရုံ ၊ဆေးခန်းများမှသုံးစွဲပြီးသော ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများအား မြေတွင်းတူး၍ဖြစ်စေ၊ မီးရှို့၍ဖြစ်စေ ဖျက်စီးရမည်ဟူသောဥပဒေရှိသည်။ ယခုကဲ့သို စည်းကမ်းမဲ့စွန့်ပစ်မှုများကိုအရေးယူခြင်းထက် စည်ပင်မှတာဝန်ရှိသူများနှင့် ဆေးရုံကြီးကြပ်သူများတွေ့ဆုံပြီး ညှိနှိုင်းဖြေရှင်းသင့်သည်ဟု ဒေါက်တာကျော့သာစိန်က DMG သို့ ပြောသည်။

“ဆေးရုံ ၊ဆေးခန်းကထုတ်တဲ့ပစ္စည်းတွေ၊ ဆေးထိုးပိုက်တွေကို အပြင်အမှိုက်ပုံမှာပစ်ခွင့်မရှိဘူး။ တွင်းတူးပြီးတော့မြုပ်ရင်မြုပ်၊ မဟုတ်ရင် မီးရှို့ဖျက်စီးရမယ်ဆိုတဲ့ စည်းကမ်းနဲ့ဥပဒေရှိပြီးသား။အခုကအမှိုက်သိမ်းတဲ့သူလည်း အန္တရာယ်ဖြစ်နိုင်တယ်၊ ထိမိရှမိနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနကတာဝန်ယူဆောင်ရွက်ပေးဖို့ပြောသင့်တယ်။ အရေးယူတာထက် ညှိနှိုင်းတိုင်ပင်ပြီးလုပ်တာပိုကောင်းမယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အောက်တိုဘာလကလည်း စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ပြည်သူများသွားရောက်အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် BXT ဆိပ်ကမ်း(ခေါ်)ကိုးရီးယားဆိပ်ကမ်းတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ လာရောက်စွန့်ပစ်ထားသည်ကို DMG က တွေ့ရှိခဲ့သည်။

ဗီဒီယိုများ