ရခိုင်တွင် ဆေးဝါးဈေးနှုန်း ဆက်လက်မြင့်တက်လာပါက နာတာရှည်ရောဂါသည်များ အခက်အခဲဖြစ်နိုင်

ရခိုင်ပြည်အတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချနေသည့် ဆေးဝါးဈေးနှုန်းများ ဆက်လက်မြင့်တက်လာပါက ဆေးတာရှည်သောက်နေရသည့် နာတာရှည်ရောဂါသည်များအနေဖြင့် ဆေးဝါးဆက်လက်သောက်ရန် အခက်အခဲများရှိလာနိုင်ကြောင်း ပြောဆိုကြသည်။

31 Jul 2022

DMG ၊ ဇူလိုင် ၃၁

ရခိုင်ပြည်အတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချနေသည့် ဆေးဝါးဈေးနှုန်းများ ဆက်လက်မြင့်တက်လာပါက ဆေးတာရှည်သောက်နေရသည့် နာတာရှည်ရောဂါသည်များအနေဖြင့် ဆေးဝါးဆက်လက်သောက်ရန် အခက်အခဲများရှိလာနိုင်ကြောင်း ပြောဆိုကြသည်။

ပြည်ပနိုင်ငံမှတင်သွင်းရသည့် ဆေးဝါးဈေးနှုန်းများမှာ မြန်မာငွေ ၅၀၀ ကျပ်မှ လက်ရှိတွင် ငွေကျပ် ၁၀၀၀ ကျော်အထိ ဈေးတက်လာနေသည်။ ယခုကဲ့သို့ ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပါက ရေရှည်ဆေးသောက်နေရသည့် နာတာရှည်ရောဂါသည်များမှာ ဆေးဝါးဆက်လက်သောက်သုံးနိုင်ရန် အခက်အခဲရှိနိုင်ကြောင်း နှလုံးရောဂါဝေဒနာရှင် မမြနွယ်က DMG ကိုပြောသည်။

“ဆေးဝယ်တဲ့အခါ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးနှုန်းတွေအရမ်းကွာခြားနေတယ်။ ဆေးဝါးတွေလည်း ဈေးအတော်တက်လာပါတယ်။ အရင်က ၃၀၀၀လောက်နဲ့ဝယ်သောက်နေတဲ့ဆေးက အခု ၄၅၀၀ လောက်ပေးဝယ်ခဲ့ရတယ်။ ရေရှည်ဆေးစွဲသောက်ရတဲ့သူတွေအတွက်ဆို အခုလို ဈေးအဆမတန်တွေနဲ့ ဝယ်သောက်နေရတာ အခက်အခဲဖြစ်ပါတယ်။ နောက်လည်းဒီလိုထပ်ပြီး ဈေးတက်လာမယ်ဆို ဆေးဆက်သောက်နိုင်ဖို့တောင် မသေချာနိုင်ဘူး”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဆေးဝါးဆေးနှုန်းများမှ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိနေပြီး တစ်ချို့သော ဆေးကုမ္ပဏီကြီးများမှာ ဆေးဝါးထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သည့်အတွက် ဆေးဝါးပြတ်တောက်မှုအခြေအနေများ ကြုံတွေ့လာနိုင်ကြောင်း ဆေးဆိုင်ပိုင်ရှင်များကဆိုသည်။

“မြန်မာနိုင်ငံမှာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိဈေးတက်တယ်။ ဒီထက်ပိုဈေးတက်တာလည်း ရှိကောင်းရှိနိုင်တယ်။ ဈေးကွက်မှာ ဆေးဝါးပြတ်တောက်တာတော့ ရှိနိုင်တယ်။ ဆေးကုမ္ပဏီတစ်ခုက ရပ်တန့်လိုက်ပေမယ့် အဲဆေးပုံစံတူအမျိုးအစားက တခြားကုမ္ပဏီမှာလည်းရှိနိုင်တယ်။ brand ကိုလိုက်ပြီး သောက်သုံးမယ်ဆိုရင်တော့ အဲဆေးသောက်သုံးတဲ့လူနာက ဆေးပြတ်တောက်နိုင်တယ်။ အဲလိုမဟုတ်ဘဲ နောက်ကုမ္ပဏီတစ်ခုက ဆေးကိုသောက်မယ်ဆိုရင်တော့ အသက်ရှူချောင်မယ်လို့မြင်တယ်”ဟု နတ်ရေစင် ဆေးဆိုင်ပိုင်ရှင် ကိုနေမျိုးဦးက DMG သို့ ပြောသည်။

ယခုကဲ့သို့ ဆေးဝါးများ အဆမတန်မြင့်တက်လာမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်နေ့ကပြုလုပ်ခဲ့သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် “လုပ်ငန်းရှင်တွေအနေနဲ့ တစ်ဖက်က ပြည်သူလူထုအကျိုးကိုရှေးရှုပြီး ဆေးဝါးတွေကို ကြိုတင်ဈေးတင်ရောင်းတာမဟုတ်ဘဲ ကိုယ်ဝယ်ထားတဲ့ဈေးနဲ့ ရောင်းရမယ့်ဈေးကိုထိန်းချုပ်ပြီး အများပြည်သူဝယ်ယူနိုင်အောင် ရောင်းချပေးစေလိုတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သုံးစွဲနေသည့်ဆေးဝါးများကို အိန္ဒိယနိုင်ငံမှ ၇၅ ရာခိုင်နှုန်းခန့်အထိ မှာယူသုံးစွဲနေရကာ ဘင်္ဂလားဒေရှ့်၊ မလေးရှား၊ ဂျာမနီ၊ ပါကစ္စတန်နှင့် တူရကီတို့မှ မှာယူသုံးစွဲနေကြရကြောင်း ဆေးဝါးရောင်းချသူများထံမှ သိရသည်။

ဗီဒီယိုများ