မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် အမည်ခံသက်သက်သာဖြစ်နေဟု ရခိုင်လူငယ်များဆို

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ကြည့်မယ်ဆိုရင် အမည်ခံသက်သက်ပဲဖြစ်နေတယ်။ ဒီမိုကရေစီကို ကြွေးကြော်ပြီးတက်လာတဲ့ NLD အစိုးရအနေနဲ့လည်း ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို အမည်ခံအနေနဲ့ပဲ သုံးနေတယ်လို့မြင်တယ်။ လက်တွေကျင့်သုံးမှုမရှိဘူး။ ” ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုတိုးတိုးအောင်က ပြောသည်။

By အောင်ထိန် 17 Sep 2019

အောင်ထိန် | DMG
စက်တင်ဘာ ၁၆ ၊ စစ်တွေ

စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေသည့် ဒီမိုကရေစီနှင့် ပတ်သက်ပြီး “လူငယ်နှင့် ဒီမိုကရေစီ” စကားဝိုင်းတစ်ခုကို ရခိုင်လူငယ်များဦးဆောင်ပြီး စစ်တွေမြို့မှာပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ဒီမိုကရေစီတည်ဆောက်ရေးအပိုင်းတွင် လူငယ်များပါဝင်မှု အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေသည့် ဒီမိုကရေစီသည် အမည်ခံသက်သက်သာဖြစ်နေကြောင်း ဦးဆောင်ဆွေးနွေးသူတစ်ဦးက ပြောသည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ကြည့်မယ်ဆိုရင် အမည်ခံသက်သက်ပဲဖြစ်နေတယ်။ ဒီမိုကရေစီကို ကြွေးကြော်ပြီးတက်လာတဲ့ NLD အစိုးရအနေနဲ့လည်း ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို အမည်ခံအနေနဲ့ပဲ သုံးနေတယ်လို့မြင်တယ်။ လက်တွေကျင့်သုံးမှုမရှိဘူး။ ” ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုတိုးတိုးအောင်က ပြောသည်။

ဆက်လက်ပြီး တိုင်းရင်းသားဒေသများကို ကြည့်လျှင်လည်း ဒီမိုကရေစီ၏ အနှစ်သာရများမရှိသေးဘဲ အာဏာရှင်ဆန်နေကြောင်း၊ အပြစ်မဲ့သတ်ဖြတ်မှုများကြောင့် တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရကြောင်း ၎င်းကဆက်ပြောသည်။

ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ တိုင်းရင်းသားများနှင့် လူမျိုးစုများအကြား နားလည်မှုတည်ဆောက်ရန် လိုအပ်ပြီး တိုင်းရင်းသားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ လျော့ချရန်လိုအပ်သကဲ့သို့ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုများအား ဖော်ထုတ်မှုကိုလည်း အစိုးရအနေဖြင့် ကြည်ဖြူစွာ လက်ခံပေးရန်လိုအပ်ကြောင်း ဆွေးနွေးပွဲတက်ရောက်လာသည့် လူငယ်များက ဆိုသည်။

ဒီမိုကရေစီစနစ်တစ်ခု ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် အမျိုးသမီးများအနေဖြင့်လည်း နယ်ပယ်အသီးသီးကနေ တတပ်တအား ပါဝင်ရန်လိုအပ်ကြောင်း အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆွေးနွေးသည်။

“အမျိုးသမီးတွေဟာ တိုင်းပြည်တစ်ခုတည်ဆောက်ရာမှာ ငှက်တစ်ကောင်နဲ့ တင်စားမယ်ဆိုရင် တောင်ပံတစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေက တောင်ပံတစ်ခု၊ အမျိုးသမီးတွေက တောင်ပံတစ်ခုဖြစ်တယ်။ ဒီမိုကရေစီစနစ်တစ်ခု ကောင်းမွန်ဖို့အတွက် အမျိုးသမီးထုအင်အားနဲ့လည်း နိုင်ငံရေး၊ လူမှုရေး စတဲ့ နယ်ပယ်ကဏ္ဍအသီးသီးကနေ ထိန်းကျောင်းလို့ရပါတယ် ” ဟု အမျိုးသမီးတက်ကြွလှုပ်ရှားသူ မတင်ချိုထွေးက ပြောသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တွေမြို့က ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ရုံးမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူငယ်အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်အရေးတက်ကြွလှုပ်ရှားသူ (၂၀) ကျော်က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဗီဒီယိုများ