ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် လစဉ်ကာကွယ်ဆေးထိုးခြင်းကို ရပ်နားထား

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစ ကလေးငယ်များနှင့် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများကို ရပ်နား ထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

14 Oct 2020

ခင်သရဖီဦး | DMG
အောက်တိုဘာ ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစ ကလေးငယ်များနှင့် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများကို ရပ်နားထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

COVID-19 ကြောင့် stay at home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုများလာသည့် အတွက် ယခုကဲ့သို့ လစဉ်ထိုးနေသည့်ဆေးများကို ရပ်နားထားခြင်းဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောသည်။

“၉ လပိုင်း လကုန်လောက်မှာ Case (ပိုးတွေ့လူနာ) များလာလို့ အဲဒီလမှာရပ်တယ်။ ၁၀ လပိုင်းလည်း များနေ တော့ ၁၀ လပိုင်းလည်းရပ်ထားတယ်” ဟု ၎င်းကပြောသည်။

မွေးကင်းစ ကလေးငယ်များနှင့် ၂ နှစ်အောက်ကလေးငယ်များကို လစဉ်ပိုလီယို(ထိုးဆေး၊သောက်ဆေး) ကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ဝက်သက်/ဂျိုက်သိုး၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ဦးနှောက် TV ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး စသည့်ဖြင့် ကာကွယ်ဆေး ၁၁ မျိုးကို ထိုးပေးနေခြင်းဖြစ်သည်။

သို့သော်လည်း ကပ်ရောဂါဖြစ်နေသည့်အတွက် မည်သည့်လတွင် ပြန်လည်ထိုးပေးသွားမည်ကိုလည်း ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“အခုက ကပ်ရောဂါဖြစ်နေတဲ့အချိန် ဘယ်သူမှာ ရောဂါပါလာမလဲ မသိတဲ့အတွက် ကျနော်တို့ ဆရာမတွေကို ဒီနေရာသွားထိုး၊ ဟိုနေရာသွားထိုးဆိုပြီး ဆရာဆီက ရောဂါထပ်ဖြန့်တာမျိုး အဖြစ်မခံနိုင်သလို၊ ဆရာမဆီကို ရောဂါကူးတာမျိုးလည်း မဖြစ်မခံနိုင်တာကြောင့် stay at home ကြေညာထားတဲ့ ရခိုင်တစ်ပြည်လုံးကို ရပ်ထားတာဖြစ်တယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြသည်။

မွေးကင်းစကလေးငယ်များ၊ ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း လစဉ် ကာကွယ်ဆေးထိုးခြင်းများကို တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် မြို့နယ်များရှိ သွားလာရေးအဆင်ပြေသည့် စစ်ဘေးရှောင်စခန်းများတွင်လည်း ထိုးပေးကြောင်း ၎င်းက ဆက်ပြောသည်။

မြေပုံမြို့နယ် ညောင်းချောင်းစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ဆန်းဆန်းအေးက ၎င်းမှာ ကိုယ်ဝန် ၆ လ ကျော်ရှိနေပြီဖြစ်သော်လည်း ကိုယ်ဝန်ဆောင်နှင့်ပတ်သက်သည့် ဆေးတစ်ကြိမ်မျှ မထိုးနိုင် သေးကြောင်း ဆိုသည်။

“လမ်းခရီး အဆင်မပြေတာရယ်၊ ငွေကြေးမတတ်နိုင်တာရယ်၊ အဲဒါကြောင့် အခု ၆ လတောင်ကျော်နေပြီ အားဆေးလည်း မထိုးရသေးဘူး၊ ကိုယ်ဝန်နဲ့ပတ်သက်တာလည်း မထိုးရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အားဆေးအပါအဝင် ကိုယ်ဝန်ဆောင်နှင့်ပတ်သက်သည့် မေးခိုင်ကာကွယ်ဆေး များကို လမစေ့မှီသုံးကြိမ်အထိ ထိုးပေးရသော်လည်း ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်အမျိုးသမီးများမှာ ဆေးဝါး ပြတ်လပ်ခြင်းများ၊ ဆေးမထိုးရခြင်းများရှိနေကြောင်း သိရသည်။

အလားတူ မြောက်ဦးမြို့နယ်တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မွေးဖွားခဲ့သော ငါးလသားကလေးငယ်၏ မိခင် ဒေါ်မအေးနွယ်ကလည်း “ကျမကလေးကတော့ ငါးလမှာ ဆေးကတစ်ကြိမ်ပဲထိုးရသေးတယ်။ အခုက ရောဂါ အထူးအဆန်းတွေဖြစ်နေတော့ ဆေးမထိုးရတော့စိုးရိမ်တာပေါ့။ ပုံမှန်ဆေးထိုးခွင်တော့ ရချင်ပါတယ်၊ ကလေး ကျန်းမာရေးအတွက်လေ” ဟု ဆိုသည်။

ကိုဗစ်ကူးစက်ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားသည့်အချိန်ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များ၊ မွေးကင်းစကလေးငယ်များနှင့် ၂ နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံမှုကို ဧပြီလ တစ်လ ရပ်နားထားခဲ့သည်။

ဗီဒီယိုများ