ဘူးသီးတောင်တွင် အချုပ်ကားယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး (၇)ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး (၅)ဦးဒဏ်ရာရရှိကာ အချုပ်သား (၂)ဦး ဒဏ်ရာရရှိသွားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။

25 Oct 2019

မိုင်းဆွဲတိုက်ခိုက်ခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်ယာဉ်တစ်စီးကို တွေ့ရစဉ်

ချလူးအောင် | DMG
အောက်တိုဘာ ၂၅၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး (၅)ဦးဒဏ်ရာရရှိကာ အချုပ်သား (၂)ဦး ဒဏ်ရာရရှိသွားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေ (၄)နာရီကျော်က မောင်တောမြို့နယ်တရားရုံးမှ ဘူးသီးတောင်အကျဉ်းထောင်စခန်းသို့ ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်(၁၄)ဦးနှင့် အချုပ်သား(၂၀)ပါဝင်သည့် ယာဉ်တန်းကို ဘူးသီးတောင်- မောင်တောကားလမ်း၌ AA တပ်ဖွဲ့ဝင် (၁၀)ဦးခန့််က အဝေးထိန်း မိုင်းနှစ်လုံးဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားခြင်းဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများကို ဘူးသီးတောင်မြို့ရှိ တပ်မတော်စစ်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုပြုလုပ်နေပြီး အချုပ်တရားခံများကိုလည်း ဘူးသီးတောင်အကျဉ်းစခန်းသို့ ပို့ဆောင်ထားသည်။ ထိတွေ့မှုဖြစ်ပွားသည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းတွင် ရေးသားထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေ ကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလတွင် အရပ်သားကားများအပါအဝင် ရဲတပ်ဖွဲ့ဝင်ယာဉ်တန်းများ၊ တပ်မတော်ယာဉ်တန်းများလည်း မကြာခဏမိုင်းခွဲတိုက်ခိုက်ခံနေရသည်။ ယခုကဲ့သို့ အချုပ်သားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် တိုက်ပွဲကာလအတွင်း ပထမဦးဆုံး ဖြစ်သည်။

ဗီဒီယိုများ