စစ်ကြောင်းမိုင်းဆွဲခံရပြီးနောက် ကျောက်တော်ဒေသခံ (၄) ဦးကို တပ်ကဖမ်းဆီးထား

သရက်တပင်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရပြီးနောက် ယခုကဲ့သို့ ကျေးရွာများသို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် သရက်တပင်ကျေးရွာသားတစ်ဦးက ပြောသည်။

By ခိုင်ရိုးလ 15 Nov 2019

ခိုင်ရိုးလ | DMG

နိုဝင်ဘာ ၁၅ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံရွာသားများ၏ ပြောကြားချက်အရ သိရသည်။

သရက်တပင်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရပြီးနောက် ယခုကဲ့သို့ ကျေးရွာများသို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် သရက်တပင်ကျေးရွာသားတစ်ဦးက ပြောသည်။

“ဒီနေ့ သရက်တပင်မှာတော့ ရဲတပ်ဖွဲ့တွေနဲ့ တပ်မတော်သားတွေက ရွာထဲကိုဝင်ပြီး ဝင်မွှေနေတယ်။ တွေ့တဲ့လူကို လိုက်ဆွဲတယ်။ လိုက်ဖမ်းနေတယ်။ မနေ့ကတည်းကဖမ်းတာ ဒီနေ့ထိပဲ။ မနေ့က ၄ ဦးကို ခေါ်သွားတယ်” ဟု ၎င်းကျေးရွာသားက DMG ကို ပြောသည်။

မနေ့က ဖမ်းဆီးခေါ်ဆောင်ခံရသူ ၄ ဦးထဲတွင် သရက်တပင်ကျေးရွာမှ နေမျိုးထွန်း(ခ)အောင်ပိုင်၊ သရက်တပင်(ပြင်လှ)ကျေးရွာမှ မောင်ကုလား၊ ရွာမပြင်ကျေးရွာမှ ညီညီစိုးနှင့် စပါးဆိပ်ကျေးရွာမှ မောင်ကြည်လင်းတို့ ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA နှင့် ဆက်စပ်ပြီး သတင်းအရ ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“စစ်ဆေးဖို့ခေါ်သွားတာလည်း မရှိဘူး။ ရွာထဲမှာဝင်စစ်တာ ဘာညာကတော့ သတင်းရတဲ့အပေါ်မှာ မူတည်ပြီး စစ်ကောင်းစစ်မှာပါ။ အဲဒီရွာသားတွေက AA နဲ့ပတ်သက်နေလို့ တပ်က ခေါ်မေးတာဖြစ်မှာပေါ့ ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကို ပြောသည်။

သရက်တပင်ကျေးရွာ တံတားအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တပ်မတော် စကခ(၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ(၃၇၄)တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၅ ဦး ကျဆုံးဒဏ်ရာရရှိမှုရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန် ထားသည်။

ထိုသို့ ကျဆုံးသွားသည့်တပ်ရင်းမှူးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ဆင်း ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်း ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများမှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်ကို တွေ့ရသည်။

သရက်တပင်ကျေးရွာအနီး စစ်ကြောင်းမိုင်းဆွဲခံရမှုကို မကြားမိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“အဲဒီနား(သရက်တပင်)မှာတော့ မကြားမိဘူး။ ကျွန်တော် ဂဃနဏသိတာက လက္ကာဖြစ်စဉ်တော့သိတယ်။ လက္ကာရွာအဝင်မှာ နယ်မြေရှင်းနေတဲ့ စစ်ကြောင်းတစ်ကြောင်းကို တံတားအကူးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ။ ဒါကတော့ ထိခိုက်ဒဏ်ရာ နည်းနည်းရသွားတယ် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကို ပြောသည်။

လက်ရှိမှာ တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ သရက်တပင်ကျေးရွာအတွင်းတွင် ယနေ့လည်း အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ဗီဒီယိုများ