ဗကသကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၁ နှစ် ထပ်တိုးချမှတ်

ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ရေးလှုပ်ရှားမှုများအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသား နှစ်ဦးကို (အောက်တိုဘာ ၆ ရက်)တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ထောက်ဒဏ်(၁)နှစ် ထပ်တိုးချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

By အောင်ထိန် 06 Oct 2020

photo crd : All Burma Federation of Student Unions - cec

အောင်ထိန် | DMG
အောက်တိုဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်စစ်ရေးလှုပ်ရှားမှုများအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသား နှစ်ဦးကို (အောက်တိုဘာ ၆ ရက်)တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ထောက်ဒဏ်(၁)နှစ် ထပ်တိုးချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

၎င်းတို့ကို အောက်တိုဘာလ ၂ ရက်နေ့က မဟာအောင်မြေမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ- ၅၀၅(က)၊ (ခ) ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် တပေါင်းတည်း ချမှတ်ထားပြီဖြစ်သည်။

ဗကသများအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ် ကိုထူးခန့်သော်က “စစ်အုပ်စုတွေအနေနဲ့ ကျွန်တော်တို့ကို ရန်သူလို့ သတ်မှတ်တယ်။ သူတို့ရန်သူလို့သတ်မှတ်တဲ့အတိုင်း ကျွန်တော်တို့ကို ပြတ်ပြတ်သားသားလုပ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ထောင်ဒဏ်ချမှတ်ခံရသူများသည် ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးသည် စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေး၊ ဈေးချိုနာရီစင်ရှေ့၌ “Stop Civil War ၊ ဖိနှိပ်ခံ ရက္ခိုင် လူထုနှင့်အတူ ရပ်တည်ကြ” စသည့် စာတန်းပါ ဆိုင်းဘုတ်ကိုကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးမှာ မန္တလေးမြို့၌ စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်အတွင်း လူ့အခွင့် အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသူ များလည်း ဖြစ်သည်။

“တရားစီရင်ရေးမဏ္ဍိုင်ဟာ စစ်တပ်အောက်ကနေ ရုန်းမထွက်နိုင်သေးဆိုတာ ကျွန်တော်တို့ အားလုံးမြင်တယ်။ တရားမျှတတဲ့ တရားစီရင်ရေးဆိုတာမရှိသေးပါဘူး” ဗကသများအဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

မန္တလေးမြို့၌ စက်တင်ဘာလ ၁၀ ရက်နေ့က ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကိုမျိုးချစ်ဇော်ကို(ခ) ကိုဘချစ် ကိုလည်း စက်တင်ဘာလ ၂၄ ရက်နေ့တွင်ဖမ်းဆီးပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ် ၁၉ ဖြင့် ယင်းနေ့မှာပင် အလုပ်နှင့်ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများကို ငြိမ်းစုစီ ပုဒ်မအပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ ၁၅ ဦးရှိပြီး လိုက်လံ ဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၂၈ ဦးအထိရှိကြောင်း ဗကသများအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ