AA နှင့် ဆက်သွယ်မှုဖြင့်  ဖမ်းဆီးခံထားရသော လူငယ် ၁၁ ဦး မိသားစုဝင်များနှင့် တွေ့ခွင့်ရ

ရက္ခိုင့်တပ်တော် AA နှင့် ဆက်သွယ်မှုဖြင့် ဖမ်းစီးခံထားရသော လူငယ် ၁၁ ဦးထဲမှ ၄ ဦးမှာ ယနေ့သြဂုတ်လ ၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲစခန်း၌ မိသာစုဝင်များနှင့် တွေ့ခွင့်ရခဲ့သည်ဟု ဖမ်းဆီးခံထားရသူ၏ မိသားစုဝင် ဦးမောင်မောင်သန်းက ပြောသည်။

08 Aug 2019

AA နှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းထားရခြင်းဖြစ်သည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိခဲ့သူအချို့ဖြစ်သည်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သက်နိုင်| DMG

သြဂုတ် ၈၊ စစ်တွေ

ရက္ခိုင့်တပ်တော် AA နှင့် ဆက်သွယ်မှုဖြင့် ဖမ်းစီးခံထားရသော လူငယ် ၁၁ ဦးထဲမှ ၄ ဦးမှာ ယနေ့သြဂုတ်လ ၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲစခန်း၌ မိသာစုဝင်များနှင့် တွေ့ခွင့်ရခဲ့သည်ဟု ဖမ်းဆီးခံထားရသူ၏ မိသားစုဝင် ဦးမောင်မောင်သန်းက ပြောသည်။

ယင်းသို့ တွေ့ခွင့်ရခဲ့သည့်အထဲတွင် ဖမ်းဆီးခံထားရသည့် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ မင်းပြားမြို့ အ.ထ.က(၁) တွင် ပညာသင်ကြားနေသည့် အသက် ၁၆ နှစ်အရွယ် ခင်မောင်စံဆိုလည်း ပါဝင်သည်။

“ဒီနေ့ ၈ နာရီလောက်မှာ ကျွန်တော့်သားနဲ့ သွားတွေ့တယ်။ သူတို့လက်ထိပ်တို့ ဘာတို့ ခတ်ထားတာတော့မ တွေ့ဘူး။ စကားလည်း အေးအေးဆေးဆေး ပြောခဲ့ရတယ်” ဟု ခင်မောင်စံ၏ ဖခင်ကပြောသည်။

ဖမ်းဆီးခံ လူငယ် ၁၁ ဦးထဲတွင် ရသေ့တောင်မြို့နယ် ကန်ပြင်ရင်းကျေးရွာမှ ၂ ဦး၊  မြေပုံမြို့နယ် ယိုးချောင်းကျေးရွာမှ ၁ ဦး နှင့် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ ခင်မောင်စံတို့ ဖြစ်ပြီး ကျန် ၇ ဦး၏ မိသားစုဝင်များမှာ သတင်းမရရှိသဖြင့် လာရောက်တွေ့ဆုံခြင်း မရှိကြောင်းလည်း ပြောသည်။

ဖမ်းဆီးခံရသူများကို ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့်  ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ လူငယ် ၈ ဦးမှာ စစ်ဆေးချက်အရ AA သို့ဝင်ရောက်ရန် စည်းရုံခံခဲ့ရသူများဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရန် ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းတွင် စစ်ဆေးနေကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ယခု အဖမ်းခံနေရသည့်အထဲတွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသားများလည်းပါဝင်ပြီး ၎င်းတို့ကို ပြန်လွှတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ သံသယဖြင့် လူပေါင်း ၉၀ ကျော်အား တပ်မတော်မှ ဖမ်းဆီးထားခြင်းဖြစ်သည်။

 

ဗီဒီယိုများ