ကိုဗစ်ကာလ စိုက်ပျိုးစရိတ်ထပ်တိုးချေးငွေ စတင်ထုတ်ချေးနေသော်လည်း မရရှိသည့်တောင်သူများရှိနေ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၆ ခုတွင် ကိုဗစ်ကာလ စိုက်ပျိုးရေးစရိတ်ချေးငွေ စတင်ကာ ချေးနေပြီဖြစ်သော်လည်း မရရှိသည့် တောင်သူလယ်သမားများရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

By ဝင်းညွန့် 07 Jul 2020

ဝင်းညွန့် | DMG
ဇူလိုင် ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၆ ခုတွင် ကိုဗစ်ကာလ စိုက်ပျိုးရေးစရိတ်ချေးငွေ စတင်ကာ ချေးနေပြီဖြစ်သော်လည်း မရရှိသည့် တောင်သူလယ်သမားများရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါချေးငွေများကို ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် ရမ်းဗြဲမြို့များတွင် တစ်ဧကကို ၅ သောင်းကျပ်နှုန်းဖြင့် ဇွန်လနောက်ဆုံးအပတ်ကစ၍ ထုတ်ချေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ ချေးငွေများရရှိပါက လက်ရှိတွင် လယ်သမားများလိုအပ်နေသည့် မြေသြဇာနှင့် မျိုးစပါးများဝယ်ယူရာမှာ အထောက်အကူပြုနိုင်ကြောင်း ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ လယ်သမား ဦးဦးသာလှက ဆိုသည်။

“ကျွန်တော်တို့ တစ်ဧက ကို ၅ သောင်းတိုးချေးမယ်ဆိုတာကို ပြောသံကြားတာတော့ကြာပြီ။ ဒါပေမဲ့ အခုချိန်ထိ မရသေးဘူး။ အကြောင်းကြားလာတာလည်း မရှိသေးဘူး” ဟု ၎င်းကပြောသည်။

ကျောက်တော်မြို့တွင် ထိုချေးငွေ ချေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ် ဘဏ်ခွဲ)မှ သိရသော်လည်း မည်သည့်အတွက်ကြောင့် လယ်သမားများမရရှိသည့်ကို သိရှိနိုင်ရန် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ကျောက်တော်ဘဏ်ခွဲ)မှ မြို့နယ်ဘဏ်မန်နေဂျာ ဦးသိန်းဇော်အား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသဖြင့် တုန့်ပြန်ချက် မရရှိခဲ့ပေ။

အလားတူ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာမှ လယ်သမား ဦးအောင်သိန်းလှက “အခုလို အချိန်မှာ ဆိုရင် လယ်သမားတွေမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အခုလို ပေးမယ်ဆိုတော့ လယ်သမားတွေအတွက် အထောက်အကူဖြစ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ အဲဒီအကြောင်းကို မသိရသေးသလို အသိပေးတာလည်း မရှိသေးဘူး” ဟု ပြောသည်။

အဆိုပါ မြို့နယ် ၆ မြို့နယ်ကို ထုတ်ချေးနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် မြို့နယ်များကိုမူ လုံခြုံရေး အရ စာရင်းမကောက်နိုင်သေးသဖြင့် ထုတ်ချေးမှုပိုင်းတွင် အဆင်မပြေသေးကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးအေးသိန်းက DMG သို့ ပြောသည်။

“ကျန်မြို့နယ်တွေမှာ မချေးရသေးဘူးဆိုတာ တချို့ရွာတွေမှာ လုံခြုံရေးအရ စာရင်းမကောက်ရသေးတာရှိတယ်။ သူတို့ဖက်က စာရင်းကောက်ပြီး တင်ပေးလာတဲ့အချိန် ချေးသွားမှာပါ။ ကျွန်တော်တို့ဖက်ကတော့ အဆင်သင့်ဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏ စာရင်းအရ ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါး ချေးငွေ (ကျပ် ၇၉ ဒသမ ၈၅ ဘီလီယံ)အား လယ်သမားများသို့ ထုတ်ချေးပေးခဲ့ရာ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ချေးငွေပြန်ဆပ်မှုမှာ (၁၁ ဒသမ ၁၀ ဘီလီယံ)ခန့်သာ ရရှိသေးကြောင်း သိရသည်။

ယင်းသို့ လယ်သမားများချေးငွေမဆပ်နိုင်ခြင်းမှာ တိုက်ပွဲများကြောင့် လယ်ယာထွန်ယက်စိုက်ပျိုးရန် အခက် အခဲဖြစ်ခြင်း၊ ထွန်ယက်ပြီးစပါးများ မရိတ်သိမ်းနိုင်ခြင်းနှင့် စပါးရောင်းဝယ်ရေး အဆင်မပြေခြင်းတို့ကြောင့် ဖြစ်သည်ဟု တောင်သူများက ပြောဆိုကြသည်။

ဗီဒီယိုများ